(၁) မိမိရဲ့ပန်းတိုင်ကို အပျောက်အခံရဘူး။
(၂) ဒီနည်းနဲ့မရတော့ရင် တခြားဒီထက်ကောင်းတဲ့နည်း ဘာရှိသေးလဲလို့ တီထွင်ကြံဆနေရမယ် ၊ ရှာဖွေနေရမယ်။
“မောင်ပီတာ…သား ကြီးလာရင် ဘာလုပ်မလဲ”
“စစ်ဗိုလ်ကြီးလုပ်မယ် အန်ကယ်”
“တိုက်ပွဲမှာ အသတ်ခံရမှာ မကြောက်ဘူးလား”
“ဘယ်သူက သတ်မှာလဲ အန်ကယ်ဂျော်နီ”
“ရန်သူက သတ်မှာပေါ့…”
“အင်း…အဲဒါဆို ကျွန်တော်က ရန်သူလုပ်မယ်”
ကလေးတစ်ယောက်ရဲ့ စိတ်ကူးအပြောင်းအလဲကို ကြည့်ရတာ သိပ်ရယ်စရာကောင်းပါတယ်။ ပထမကတော့ သူရဲ့ ရည်မှန်းချက်ကတမျိုးပါ။ နောက်တော့ ပြောရင်းဆိုရင်းနဲ့ သူရဲ့ ရည်မှန်းချက်မှာ အခက်အခဲတစ်ခု တွေ့လာပါတယ်။ အသတ်ခံရမယ်ဆိုတော့ ကလေးကကြောက်သွားမှာပေါ့။ သူဘယ် အသတ်ခံချင်ပါ့မလဲ အဲဒီအခက်အခဲကို ဘယ်လိုကျော်လွှား လွန်မြောက်နိုင် မလဲဆိုတဲ့ နည်းလမ်းကို မရှာတော့ဘူး။ မကြိုးစားတော့ဘူး။ အလွယ်ဆုံးအလုပ်ကိုပဲ လုပ်လိုက်တော့တယ်။ သူ့ရဲ့ရည်မှန်းချက်ကို ပြောင်းလဲပစ်လိုက်တယ်လေ။ ကလေးဆိုတော့ သူ့ရဲ့ရည်းမှန်းချက်ကို ဆန့်ကျင်ဘက်အဖြစ်သို့ လွယ်လွယ်ပြောင်းလဲလိုက်ခြင်းဟာ ရယ်စရာကိစ္စတစ်ခုလောက်သာ ဖြစ်သွားပါတယ်။အသိဉာဏ်နည်းပါးတဲ့ ‘ကလေးအတွေး’ ကိုး။ ဒါပေမယ့် ကျွန်တော်တို့ (လူကြီးတွေ) ထဲမှာရော…။ အခက်အခဲ တစ်ခုခုတွေ့တာနဲ့ ကိုယ့် ရည်မှန်းချက်ကို စွန့်လွှတ်တတ်သူတွေ ပြောင်းလဲတတ်သူတွေ စိတ်ဓာတ်မကြံ့ခိုင်သူတွေ ရှိမနေဘူးလား။ ရှိနေတာပါပဲ။ ကျွန်တော်ရင်ထဲမှာ စွဲနစ်စူးဝင်နေတဲ့ စကားတစ်ခွန်း ရှိပါတယ်။ “ရှေ့ဆက်တိုးရမှာ ခက်နေတယ်ဆိုတဲ့ အချက်တစ်ခုတည်းနဲ့တော့ သင် နောက်မဆုတ်သင့်ဘူး” တဲ့။ လောကမှာ လူအတော်များများက ကိုယ် လက်ငင်း ကြုံတွေ့နေရတဲ့ အခက်အခဲကိုသာ အကြီးတကာ့ အကြီးကျယ်ဆုံး အခက်အခဲလို့ အောက်မေ့တတ်ကြတယ်။ တကယ်တော့ ကိုယ်ကြုံနေရတဲ့ အခက်အခဲမျိုး ဟောဒီကမ္ဘာပေါ်မှာ လူသန်းပေါင်းများစွာ တွေ့ကြုံဖြတ်သန်းခဲ့ရဖူးပြီ။ အခုလည်း တွေ့ကြုံနေကြရဆဲ။ နောက်လည်း တခြားလူတွေတွေ့ကြုံကြရဦးမှာ သေချာပါတယ်။ တကယ်ဆို ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရုံနဲ့တင် အခက်အခဲတွေ အများကြီးဖြတ်သန်းခဲ့ဖူးတဲ့ သံမဏိလူသားလို့ တွေး,တွေးပြီး ဂုဏ်ယူချင်စရာကောင်းနေမယ် ထင်ပါရဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဟောဒီအသက်အရွယ်ထိ ရောက်လာခဲ့ရတာဟာ ကျွန်တော်တို့အနေနဲ့ အခက်အခဲ အမျိုးမျိုးကို ရင်ဆိုင်ဖြတ်သန်းပြီးမှ ရောက်လာခဲ့ကြတာ မဟုတ်ဘူးလား။ ကဲ…ခင်ဗျားကိုယ်တိုင်ပဲ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက ကြုံခဲ့ရတဲ့ အခက်အခဲတစ်ခုကို ပြန်စဉ်းစားမြင်ယောင် ကြည့်လိုက်ပါဦး။ အဲဒီတုန်းက အကြီးတကာ့ အကြီးမားဆုံးလို့ ထင်ထားတဲ့အခက်ခဲဟာ အခုကျတော့ သေးငယ်နေပြန်ရော မဟုတ်လား။ ဒီတစ်ချက်တည်းနဲ့တင် ခင်ဗျားဟာ ဒုက္ခတွေကို ဖြတ်သန်းလာနိုင်တယ်ဆိုတာ သေချာသွားပါပြီ။ တခြားသူတွေကတော့ အခက်အခဲတွေကို ဘယ်လိုဖြတ်သန်းကြသလဲ။ တချို့တွေက ကလေးတွေလိုပဲ ရည်မှန်းချက်ကို လွယ်လွယ်နဲ့ လက်လျှော့ပြီး ဖြစ်သလို ရေစုန်မျှောလိုက်ကြတယ်။ တချို့ကတော့ ပန်းတိုင်ကို အပျောက်မခံဘဲ ဒီနည်းနဲ့မရရင် ဟိုနည်းစသဖြင့် ဗျူဟာအမျိုးမျိုးသုံး ၊ ဉာဏ်ကစားပြီး ကျော်လွှားကွေ့ပတ်ကြတယ်။ တကယ်တော့ ဖြတ်ကျော်လို့မရတဲ့ အတားအဆီးလို့ ထင်ရတဲ့ အရာတွေဟာ ကိုယ်က ခေါင်းငုံ့လက်ခံလိုက်မှသာ “အရှုံး” ဖြစ်သွားကြတာပါ။ ခင်ဗျားက “အရှုံး” ကိုလက်မခံသေးရင် မရှုံးသေးဘူး။ ဒါနဲ့များ ဘာဖြစ်လို့ ကိုယ့်ရဲ့ပန်းတိုင်ကိုလက်လျှော့ပြောင်းလဲပစ်ရမှာလဲ။ ဂျပန်ပုံပြင်လေးတစ်ပုဒ် ရှိပါတယ်။ လူနှစ်ယောက်ဟာ ချောက်ကမ်းပါးတစ်ခုမှာ နေ့စဉ်ထိုင်ပြီးတော့ ငါးမျှားကြတယ်။ လတွေ ၊ နှစ်တွေကြာလာတော့ ချောင်းကလည်း တဖြည်းဖြည်း ကောစပြုလာတယ်။ သူတို့ နှစ်ယောက်စလုံး ငါးအရနည်းလာတာပေါ့။ ဒါပေမယ့် ပထမတစ်ယောက်ကတော့ နည်းနည်းတော်သေးတယ်လို့ ဆိုရမှာပေါ့။ နေ့စဉ် သူ အိမ်စားလို့ရရုံ သုံးလေးကောင်တော့ ရနေသေးတာကိုး။ ဒုတိယတစ်ယောက်ကတော့ ပိုအခြေအနေဆိုးတယ်။ တစ်နေ့လုံး ထိုင်မျှားပါမှ ငါးတစ်ကောင် နှစ်ကောင်မိဖို့ ခဲယဉ်းနေတာ။ လူချင်းလည်းတူ ၊ လုံ့လဝီရိယ စိုက်ထုတ်ပုံချင်းလည်းတူ ငါးမျှားတဲ့နေရာချင်းလည်းတူပေမယ့် ငါက ဘာဖြစ်လို့ ကံဆိုးနေရတာလဲလို ဒုတိယလူက တွေးလိုက်တယ်။ သူ့အတွက်တော့စဉ်းစားလေလေ စိတ်ဓာတ်ကျစရာကောင်းလေပဲ။ ဒါပေမဲ့ သူက အခက်အခဲရဲ့ရှေ့မှာ ဒူးထောက်ငိုကြွေးနေမယ့်လူ မဟုတ်ဘူး။ ဒီထက် ကောင်းတဲ့နည်း ဘာရှိသေးလဲလို့စဉ်းစားတယ်။ လတ်တလော အခြေအနေမှာတော့ သူဟာ ပထမလူထက် နိမ့်ကျနေတာအမှန်ပဲ။ ဒါပေမဲ့ သူ အရှုံးမပေးဘူး။ ငါးမျှားလို့မရတဲ့အတူတူ အိမ်ကိုပြန်ပြီး ပိုက်ကွန်တစ်စင်းရက်တယ်။ အဲဒီ ရက်ပိုင်းတွေမှာတော့ သူ့တစ်အိမ်လုံးမှာ စားစရာမရှိလို့ ငတ်ပြတ်လူးလှိမ့်နေရတာပေါ့။ ဒီအချိန်မှာ ပထမ လူကတော့ ပုံမှန်အတိုင်း ငါးသုံးလေးကောင် ဆွဲပြီး အိမ်ပြန်လျက်ပဲ။ နောက်ဆုံးတော့ သူ့ပိုက်ကွန်ပြီးသွားတယ်။ ဒုတိယ တံငါသည်ဟာ ကောနေတဲ့ချောင်းငယ်ကလေးကို စွန့်ခွာပြီး မြစ်ထဲမှာ ငါးသွားဖမ်းတော့ စီးပွားဖြစ်လောက်အောင် ငါးတွေ အများကြီး ဖမ်းမိပါသတဲ့။ ပထမလူကတော့ ချောင်းငယ်ကလေးထဲမှာပဲ ငါးကလေးသုံးလေးကောင်နဲ့ကျေနပ်နေဆဲပါပါ။ ကျွန်တော်ပြောချင်တာက ဒီလိုပါ။ လူဟာ (၁) မိမိရဲ့ပန်းတိုင်ကို အပျောက်မခံရဘူး။ (၂) ဒီနည်းနဲ့ မရတော့ရင် တခြားဒီထက်ကောင်းတဲ့နည်း ဘာရှိသေးလဲလို့ တီထွင်ကြံဆနေရမယ်။ ရှာဖွေနေမယ်။ လူ့ဘဝဆိုတာ အမြဲတမ်းပုံမှန်ချည်းပဲ ခုတ်မောင်းနေတာ မဟုတ်ပါဘူး။ ပုံမှန်အတိုင်း စီးမျောမယ့်လူတွေကတော့ ကောင်းစရာရှိရင် ကောင်းလိုက်မယ် ၊ ဆိုးစရာရှိရင် ဆိုးလိုက်မယ်ဆိုတဲ့ အပြုခံ (Object) အဆင့်ပဲရှိပါတယ်။ ပုံမှန်ကို ဖောက်ထွက်မယ့်လူတွေကတော့ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးနိုင်စွမ်းရှိတဲ့ (Subject) တွေပါ။ လတ်တလော အခြေအနေမှာ ပုံမှန် (Object) သမားတွေထက် နိမ့်ကျကောင်း နိမ့်ကျမယ်။ ဒါပေမဲ့ အောင်မြင်သွားတဲ့ တစ်နေ့မှာတော့ ပုံမှန်သမားတွေအားလုံးကို ဖြတ်ကျော်တက်သွားမှာပါ။
ဒီအက်ဆေးလေးက မင်းခိုက်စိုးစံ ရဲ့ ကလေးအတွေးအက်ဆေးထဲက ကျွန်တော်အကြိုက်ဆုံး တစ်ခုကို ကျွန်တော်ကိုယ်တိုင် ထိုင်ရိုက်ပြီးတင်ပေးလိုက်တာပါ။ စာဖတ်ပရိတ်သတ်များလဲ နှစ်သက်မယ်လို့ထင်ပါတယ်။ အချိန်ရမယ်ဆို ဒီစာအုပ်လေးကို ဖတ်ကြည့်ကြပါလား။ တော်တော်ဖတ်လို့ကောင်းတဲ့စာအုပ်လေးပါ။ ပြည်တွေးမှာနေတဲ့ လူတွေကတော့ ဌားဖတ် (သို့) ဝယ်ဖတ်ကြပေါ့။ ပြည်ပနေသူများအတွက်ကတော့ ဒေါင်းလုပ်လင့်ခ်လေးရှာထားပေးပါတယ်။ ဘယ်သူတင်ထားတာလဲတော့မသိဘူး။ ကျွန်တော်ရှာပြီး ပြန် share ပေးလိုက်ပါတယ်။
Download ==> http://www.mediafire.com/?ozmy1cnzvqyညမီးအိမ်
nyameeeain21286[at]gmail[dot]com
http://www.nyameeeain.blogspot.com

