ဒေါက်ဂလပ် (စ) ဟတ်တလေ
မည်သည့်ပျက်စီးဆုံးရှုံးမှုမျိုးမဆို လုံးဝပြန်လည်ပြင်ဆင်၍ မရနိုင်တော့ဟူသည် မရှိ။ မဖြစ်ဖြစ်အောင် လုပ်မည်ဟူသောပြတ်သားခိုင်မာသည့် စိတ်ဇွဲ၏တန်းခိုးစွမ်းအားဖြင့် အဲသည်ဆုံးရှုံးမှုသို့ တက်လှမ်းရာလှေကားထစ်အဖြစ်ပြောင်းလဲပစ်နိုင်သည်။
ကျွန်တော့်အဖို့မူ ကျွန်တော်ငယ်စဉ် ပန်းပုဆရာလေးဘ၀ နှင့် ပထမဆုံး ပုံတူရုပ်တုတစ်ခု လက်ခံပြုလုပ်စဉ်က အတွေ့အကြုံလောက် မမေ့နိုင်စရာဖြစ်ရပ်မျိုး ရှိလိမ့်မည် မဟုတ်တော့။ အောင်မြင်မှု နှင့် ရှုံးနိမ့်မူကြားမှာ ဘယ်လောက်မှကြီးကြီးမားမား စည်းခြားထားခြင်းမရှိဆိုတာ အဲသည်တုန်းက စတင်၍ကျွန်တော်သိမြင်ခဲ့ရသည်။ ကျွန်တော် တက္ကသိုလ်မှပြန်ရောက်စ။ အိမ်မှာဆယ်ရက်ခန့် နေပြီးလျှင် နောက်တက္ကသိုလ်တစ်ခုသို့ နွေသင်တန်း သွားတက်ရန် စီစဉ်ထားသည်။ စင်စစ် အိမ်မှာနေရသည့် ရက်ပိုင်းအတွင်း ဘာမှမလုပ်ဘဲအေးအေးဆေးဆေးနေဖို့ကောင်းသည်။ သို့သော်ကျွန်တော်မနေ။ သည်ရက်အတွင်းမှာ ကျွန်တော်တို့မြို့က ပုံတူရုပ်တု ထုလောက်သည့် ပုဂ္ဂိုလ်တစ်ယောက်ယောက် ရွေးချယ်ကာ ကိုယ်တစ်ပိုင်းရုပ်တုတစ်ခု ထုလုပ်ရန် ကျွန်တော်ဆုံးဖြတ်ခဲ့သည်။ အနုပညာလောကမှ အခြား မည်သည့်ပုဂ္ဂိုလ်ကိုမဆို မေးကြည့်လျှင် သည်လို အလုပ်မျိုး တစ်ခု ဆယ်ရက်နှင့် ပြီးအောင်တာဝန်ယူလုပ်ဆောင်ဖို့ ဆိုသည်မှာ အတင့်ရဲလွန်းသော လုပ်ရပ်တစ်ခုပဲဟု မြင်ကြမှာ သေချာသည်။ သို့သော် ဘယ်လောက် ရဲလွန်း ရမ်းလွန်းခဲ့သည်ဆိုတာကို နောက်နှစ်လလောက်ကြာတော့မှ ကျွန်တော် ကောင်းကောင်းကြီး သိမြင်ခဲ့ရပါသည်။ မြို့၌ထင်ရှားအရေးပါသူအတော်တော်များများကိုစဉ်းစားသုံးသပ်ပြီးနောက် ကျူ၊ဂျီ၊နော့ဗလစ်အမည်ရှိပုဂ္ဂိုလ်ကြီးအား ကျွန်တော်ရွေးချယ်ခဲ့ပါသည်။ သူက နော့ဗလစ်-စပတ် စက်မှုလုပ်ငန်းကြီး၏ ဘုတ်အဖွဲ့ဥက္ကဋ္ဌဖြစ်၍ ငယ်စဉ်ကတည်းက ကျွန်တော်လေးစား အားကျခဲ့သူတစ်ဦးလည်းဖြစ်ပါသည်။ သူ၏ လုပ်ဖော်ကိုင်ဖက်များအား မစ္စတာ နော့ဗလစ်အတွက်ကိုယ်တစ်ပိုင်းပုံတူ ကြေးရုပ်တစ်ခု လက်ဆောင်အဖြစ်ပေးကြမည်ဆိုလျှင် သူ့အပေါ် ၎င်းတို့၏ လေးစားခင်မင်မှုကို ပို၍အထင်မည်ဆိုလျှင် သူ့အပေါ် ၎င်းတို့၏ လေးစားခင်မင်မှုကို ပို၍အထင်အရှား ပြသရာ ရောက်မည်ဟု ကျွန်တော် အကြံဉာဏ်ပေးသည့်အခါ သူတို့သဘောကျကြသည်။ သို့နှင့် နောက်လေးရက်အကြာမှာပင် မစ္စတာ နော့ဗလစ်က ကျွန်တော် ပန်းပုထုနိုင်ရန်အတွက် ပထမအကြိမ် နှစ်နာရီကြာမျှ ထိုင်ပေးရန် ရက်ချိန်းပေးခဲ့သည်။ သူနှင့် ကျွန်တော် စတွေ့ကြသည်အချိန် ဘယ်သူပို၍ စိတ်လှုပ်ရှားနေသလဲ ခွဲခြားရန်ပင် အတော်ခက်သည်။ သူက ကျွန်တော်သူ့မျက်နှာပေါ် ပလတ်စတာအစိုတွေ အုံပြီး ပုံစံယူလိမ့်မည်အထင်နှင့် စိုးရိမ်နေသည်။ ကျွန်တော်ကလည်း တကယ် နဖူးတွေ့ ဒူးတွေ့တွေ့တော့မှ သည်ပုံကို ငါ ခုနစ်ရက်နှင့်ပြီးအောင်ဖန်တီးနိုင်ပါ့မလားဟု တွေးပူလာသည်။ မစ္စတာနော့ဗလစ်ကတော့သူ့မျက်နှာပေါ် ပလတ်စတာတွေ ကပ်မှာ မဟုတ်ကြောင်း သိသည့်အခါ သက်သောင့်သက်သာ ဖြစ်သွားသည်။ ပုံတူရုပ် ထုသည့်အခါ ဦးစွာ ပထမပြုလုပ်ရသည်က ပုံကြမ်းလောင်းရခြင်းဖြစ်သည်။ အချိုးအစားကိုက်ညီသောဦးခေါင်းပုံစံပေါ်လာအောင် မြေစေးနှင့် တည်ဆောက်ယူရသည်။ ပထမနေ့ထွက်လာသည့် အခြေခံပုံစံက မဆိုး။ နောက်တစ်ကြိမ်ထိုင်သည့်အခါ ရှိပြီးအခြေခံပုံပေါ်မှာ မြေစေးတွေ အနည်းငယ်စီဖြည့်ရင်း ဖို့ရင်း နှာခေါင်း ၊ မျက်စိ ၊ ပါးစပ် နှင့် ဆံပင်ပုံစံတွေ ပေါ်လာအောင် ဖော်ယူညှိယူသည်။ တဖြည်းဖြည်း ကျွန်တော့်ရုပ်တုက အပြင်မှသက်ရှိလူ၏ အသွင်သဏ္ဌာန်တွေနှင့် တစ်စိတ်တစ်ပိုင်းတူလာသည်။ သို့သော် အင်္ဂါအစိတ်အပိုင်းတွေအားလုံး ပြည့်စုံပြီးသည့်နောက် အချောကိုင်ရသည့်အပိုင်းမှာလုပ်ငန်းက အလွန်နှေးကွေးလေ့ရှိသည်။ ပြီး ခက်လည်းပိုခက်ခဲသည်။ တတိယအကြိမ် ထိုင်သည့်အခါ၌မူ သည်ရုပ်တုကို အချိန်မီပြီးနိုင်ပါ့မလားဟု ကျွန်တော်တွေးမိစပြုလာသည်။ မြန်မြန်ပြီးစီးအောင် ကျွန်တော်ကြိုးစား၍ လုပ်သည်။ တစ်နာရီခွဲမျှကြာသောအခါ ရုပ်တုက ဘေးတိုက်အနေမထား၌ စိတ်တိုင်းကျ နီးပါးကောင်းသွားသည်။ သို့သော် ရှေ့တည့်တည့်မှ ကြည့်လျှင်ကားလုံးဝနေရာမကျ။ ကျွန်တော်စိုးရိမ်ပူပန်စွာနှင့်ပင် အိမ်ပြန်လာခဲ့သည်။ တနင်္လာနေ့မှာနှစ်နာရီထိုင်သည်။ ဒါက နောက်ဆုံးအကြိမ်။ ကျွန်တော်အသည်းအသန်ဆိုရလောက်အောင် အချိန်လုပြီး အလုပ်လုပ်ရသည်။ သည်အချိန်အတွင်း ရှေ့ဘက်က ကြည့်၍ မတူတာကိုအတော်ကြီး နီးစပ်တူညီအောင် ကျွန်တော်ပြုပြင်နိုင်ခဲ့သည်။ သို့သော် ရုပ်တုတစ်ခုဆိုသည်က အပေါ်ယံ ဆင်တူနေရုံနှင့် မပြီး ၊ လူပုဂ္ဂိုလ်၏ စိတ်ဓာတ်စရိုက်ကိုလည်း ဖော်နိုင်ဖို့လိုသည်။ ကျွန်တော့်ရုပ်တုမှာ မစ္စတာနော့ဗလစ်၏ အဇ္ဈတ္တကိုမမြင်ရသေးဟု ကျွန်တော်ခံစားနေမိသည်။ အချိန်ကလည်း မရှိတော့။ သို့နှင့် မစ္စတာနော့ဗလစ်က သူ၏ ပုံတူရုပ်တုတွင် သူ့စရိုက်လက္ခဏာများ ဖြည့်သွင်းပေးနိုင်ရန်အတွက် သြဂုတ်လ ကျွန်တော်ကျောင်းပိတ်၍ အိမ်ပြန်လာသည့်အချိန်တွင် နောက်ဆုံးတစ်ကြိမ်ထပ်၍ ထိုင်ပေးရန် သဘောတူလိုက်ပါသည်။ ပြီးစီးသွားသည့်ကိုယ်တစ်ပိုင်းပုံကလေးကို ကျွန်တော်တို့အိမ်က မြေတိုက်ခန်းထဲတွင် သိမ်းဆည်းကာ ညစ်ပေခြောက်သွေ့ပြီး မြေစေးတွေ မာခဲမသွားစေရန်အတွက် အရုပ်ပေါ်က အုပ်ထားသည့် အဝတ်စုတ်ကို အခါအားလျော်စွာ ရေဆွတ်ပေးရန် အဖေ့အား မှာခဲ့သည်။ နောက်နှစ်လအကြာမှာ ကျွန်တော်ပြန်ရောက်လာခဲ့သည်။ အိမ်ထဲ လှမ်းဝင်လိုက်သည်နှင့်တစ်ပြိုင်နက် အဆင်မပြေတာတစ်ခုခုတော့ ဖြစ်နေပြီဆိုတာ ကျွန်တော်သိလိုက်သည်။ ‘ခေါင်းကြီးက ဘယ်လိုဖြစ်သွားသလဲမသိဘူး ၊ သားကြည့်စမ်းပါဦး’ အဖေက ဆိုသည်။ အဖေ့နောက်က စိတ်ပူပန်စွာနှင့် ကျွန်တော်လိုက်သွားသည်။ ကျွန်တော်ဖန်တီးခဲ့သည့် မစ္စတာနော့ဗလစ် ပုံတူရုပ်က သုံးပိုင်းပဲ့ကာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေချေသည်။ မျက်နှာက ပြားနေသည်။ နားတစ်ဖက် မရှိတော့။ ဦးခေါင်းညာဘက်တစ်ခြမ်းက ဓားနှင့်လှီးထားသလိုအလွှာလိုက်ပဲ့ကျနေသည်။ ဘာကြောင့် သည်လိုဖြစ်သွားရသလဲ ကျွန်တော်သိလိုက်ပါသည်။ ရေဆွတ်တာများသွားခြင်းပင်။ မြေစေးတွေ ရေစိုလွန်းတော့ သူ့အလေးချိန်နှင့်သူ အိပြီး ပဲ့ကျသွားခြင်းဖြစ်သည်။ ကျွန်တော် ပထမဆုံး အပ်ထည်လက်ရာကား ယခုတော့ မအောင်မြင်သော မြေစေးအစုအဝေးမျှသာ ဖြစ်လျက်ရှိချေပြီ။ ကျွန်တော် အကြီးအကျယ် ဒေါသလည်းထွက် ရှက်လည်းရှက် စိတ်လည်းပျက်သွားသည်။ သေတ္တာတစ်လုံးပေါ်ထိုင်ကာငိုချလိုက်မိသည်။ ညဘက်ပိုင်းမှာလည်း ကျွန်တော်တို့တစ်အိမ်လုံး မည်သူမျှမပြုံးရွှင်နိုင်ကြ။ နောက်တော့ဧည့်ခန်းထဲမှာထိုင်မှိုင်နေသည့်ကျွန်တော့်အနီးသို့ အမေ ရောက်လာသည်။ စာအုပ်စင်သို့ သွားကာ စာတစ်အုပ်ဆွဲထုတ်လာ၏ ။ ‘သား ဒီစာအုပ် ဖတ်ဖူးလား’ ဟု မေးသည်။ ‘ကျွန်တော်စာအုပ်အကြောင်းမပြောချင်ဘူး အမေ ၊ ကျွန်တော့်မှာ အခုဘေးကျပ်နံကျပ်ဖြစ်နေပြီ ၊ ဒီကိစ္စ ဘယ်လိုဆက်လုပ်မလဲ စဉ်းစားရဦးမယ်’ ‘ဒါ သောမတ်(စ်)ကာလိုင်ရဲ့ ပြင်သစ်တော်လှန်ရေးသမိုင်းစာအုပ် သား’ ကျွန်တော့်စကားအဆုံးမှာ အမေဆက်ပြောသည် ၊ ‘အမေတို့ဘာသာစကားနဲ့ ရှိတဲ့စာအုပ်တွေထဲမှာ အကြီးကျယ်ဆုံး စာအုပ်တစ်အုပ်လို့ဆိုနိုင်တယ်’ အမေ ကျွန်တော့်ကို ကြင်နာစွာ ကြည့်နေသည်။ ‘အဲဒါ ကျွန်တော်နဲ့ ဘာဆိုင်သလဲ အမေ’ ‘မဆိုင်ချင်လဲ အဆိုင်ဘူးပေါ့ ၊ ဒါပေမဲ့ အများကြီးလဲ ဆိုင်လို့ ရတယ်သား ၊ ကာလိုင်ဟာ အဲဒီစာမူကြီးကို မိတ်ဆွေတစ်ယောက်ဌားလို့လက်ဆင့်ကမ်းလိုက်တယ် ၊ အဲဒီမိတ်ဆွေရဲ့ အိမ်မှာ အိမ်ဖော်လုပ်တဲ့မိန်းမက ဒီစာမူကို ရေးပြီး စက္ကူဟောင်းတွေ အမှိုက်ဟောင်းတွေဆိုပြီး မီးဖိုထဲ ထည့်ပစ်လိုက်တယ် ၊ လပေါင်းများစွာ ဒါမှမဟုတ် နှစ်နဲ့တောင်ချီကောင်းချီမယ့် အလုပ်တစ်ခုဟာ ပြာဖြစ်သွားတယ် ၊ ကာလိုင့်ဆီမှာ ဒီစာအုပ်နဲ့ ပတ်သက်လို့ ဘာမှတ်စုမှတ်တမ်းမှ မကျန်ရစ်ဘူး’ ‘အဲဒီတော့ ကာလိုင် ဘာလုပ်လဲ’ ကျွန်တော်မေးသည်။ ‘သူ လုပ်နိုင်တာ တစ်ခုတည်းရှိတာပဲ ၊ သူ ဒီစာအုပ်ကို အစအဆုံး ပြန်ရေးတယ် ၊ ဒီအခါမှာ မူလရေးစဉ်ကထက် အများကြီးတိုတောင်းတဲ့အချိန်အတွင်းမှာ ပြီးစီးသွားတယ်’ ‘မှတ်စုတွေ မရှိဘဲ ဘယ်လိုရေးသလဲ’ ‘စာအုပ်တစ်အုပ်လုံးက သူ့ခေါင်းထဲမှာ ရှိနေသေးတာကိုး ၊ သူ့အလုပ်က ခေါင်းထဲရှိတာ စာရွက်ပေါ် ပြန်တင်ရုံပဲဟာ’ အမေ ကာလိုင့်စာအုပ်ကို စင်မှာ ပြန်တင်ထားလိုက်ပြီး မီးဖိုချောင်ထဲ ဝင်သွားသည်။ အတော်လေးကြာလျှင်ပင် ကျွန်တော်မြေတိုက်ခန်းထဲ ဝင်ကာ အားကြိုးမာန်တက် အလုပ်စတင်သည်။ မူလ ပုံစံဟောင်းအကြွင်းအကျန်ကို ရေနည်းနည်းခြောက်အောင် လုပ်ပြီးနောက်ရုပ်တုကို ပြန်လည်တည်ဆောက်သည်။ တဖြည်းဖြည်း နဂိုပုံ ပြန်ပေါ်လာသည်။ လုပ်ရင်း ကိုင်ရင်းပင် ကျွန်တော့် လက်တွေကယခင် သူတို့လုပ်ခဲ့ရသည့် လုပ်ငန်းအသေးစိတ်တွေကိုပြန်မှတ်မိလာပုံရသည်။ ပထမအကြိမ်က ကျွန်တော်မှား၍ ပြန်ပြင်ရတာတွေ ယခုအကြိမ်မှာ ရှောင်နိုင်ခဲ့သည်။ နောက်တစ်နေ့မနက် ကျွန်တော်ဆက်လုပ်သည်။ ညဉ့်နက်ပိုင်းလောက် ရောက်သည့်အခါတွင်ကား လွန်ခဲ့သည့် နှစ်လကရှိခဲ့သည့် အနေအထားအတိုင်း ကျွန်တော်ပြန်၍ရလေသည်။ ‘နည်းနည်း ပြင်လိုက်တယ်ထင်တယ် ၊ ဟုတ်ရဲ့လား’ သူက မေးသည်။ ‘ဟုတ်ပါတယ် ခင်ဗျ’ ‘ကျွန်တော်တော့ အရင်ထက် ပိုကောင်းသွားတယ်ထင်တာပဲ ၊ ပိုအသက်ဝင်လာတယ် ၊ အမူအရာလဲ နည်းနည်းပိုပါလာတယ်ထင်တယ် ၊ ကျွန်တော်တော့ ထပ်လုပ်ဖို့တောင် လိုမယ်မထင်တော့ဘူး’ မယုံကြည်နိုင်စရာပင်။ ဒုတိယလက်ရာက ပထမထက် ပိုကောင်းနေခဲ့သည်။ သည်လက်ရာကို ပုံယူပြီး ကြေးသွန်းသည်။ ပြီးလျှင် စက်ရုံဧည့်ခန်းနံရံမှာ သူ့အတွက် နေရာကလေး ပြုလုပ်ပြီး ထားရှိလေသည်။ သည်ရုပ်တုက ကျွန်တော့်အဖို့ တစ်သက် မမေ့နိုင်သောရုပ်တုတစ်ခု ဖြစ်ခဲ့သည်။ သည်ဟာကို စတင်စဉ်က ကျွန်တော်သည် ချာတိတ် ၊ ပြီးစီးသည့်အချိန်မှာတော့ ကျွန်တော်ကရင့်ကျက်ပြည့်ဝသူ လူကြီးတစ်ယောက်ဖြစ်သွားခဲ့သည်။ သည်အတိုင်းလုပ်ပါဟူ၍လည်း အတင်းတိုက်တွန်းမသွားသော အမေ့အဆုံးအမမှနေ၍ လူတိုင်း မှတ်သားထားသင့်သောအသိတရားတစ်ခု ကျွန်တော်ရခဲ့သည်။ ‘မည်သည့်ပျက်စီးဆုံးရှုံးမှုမျိုးမဆိုလုံးဝပြန်လည်ပြင်ဆင်၍မရနိုင်တော့ဟူသည်မရှိ။ မဖြစ်ဖြစ်အောင်လုပ်မည် ဟူသောပြတ်သားခိုင်မာသည့်စိတ်ဇွဲ၏ တန်ခိုးစွမ်းအားဖြင့် အဲသည်ဆုံးရှုံးမှုကို အောင်မြင်မှုသို့ တက်လှမ်းရာ လှေကားထစ်အဖြစ်ပြောင်းလဲပစ်နိုင်သည်’ ဟူသောအချက်ပေတည်း။

