Wednesday, April 30, 2008

‘အောင်မြင်မှု နှင့် ရှုံးနိမ့်မှုကြားက ပါးလျားသည့် စည်း’

ဒီစာအုပ်ကိုစာရေးဆရာကြီး 'ဖေမြင့်' ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

ဒေါက်ဂလပ် (စ) ဟတ်တလေ

(W. Douglas Hartley)

ပန်းပုပညာရှင်။


မည်သည့်ပျက်စီးဆုံးရှုံးမှုမျိုးမဆို လုံးဝပြန်လည်ပြင်ဆင်၍ မရနိုင်တော့ဟူသည် မရှိ။ မဖြစ်ဖြစ်အောင် လုပ်မည်ဟူသောပြတ်သားခိုင်မာသည့် စိတ်ဇွဲ၏တန်းခိုးစွမ်းအားဖြင့် အဲသည်ဆုံးရှုံးမှုသို့ တက်လှမ်းရာလှေကားထစ်အဖြစ်ပြောင်းလဲပစ်နိုင်သည်။



‘အောင်မြင်မှု နှင့် ရှုံးနိမ့်မှုကြားက ပါးလျားသည့် စည်း’


ကျွန်တော့်အဖို့မူ ကျွန်တော်ငယ်စဉ် ပန်းပုဆရာလေးဘ၀ နှင့် ပထမဆုံး ပုံတူရုပ်တုတစ်ခု လက်ခံပြုလုပ်စဉ်က အတွေ့အကြုံလောက် မမေ့နိုင်စရာဖြစ်ရပ်မျိုး ရှိလိမ့်မည် မဟုတ်တော့။

အောင်မြင်မှု နှင့် ရှုံးနိမ့်မူကြားမှာ ဘယ်လောက်မှကြီးကြီးမားမား စည်းခြားထားခြင်းမရှိဆိုတာ အဲသည်တုန်းက စတင်၍ကျွန်တော်သိမြင်ခဲ့ရသည်။

ကျွန်တော် တက္ကသိုလ်မှပြန်ရောက်စ။ အိမ်မှာဆယ်ရက်ခန့် နေပြီးလျှင် နောက်တက္ကသိုလ်တစ်ခုသို့ နွေသင်တန်း သွားတက်ရန် စီစဉ်ထားသည်။

စင်စစ် အိမ်မှာနေရသည့် ရက်ပိုင်းအတွင်း ဘာမှမလုပ်ဘဲအေးအေးဆေးဆေးနေဖို့ကောင်းသည်။ သို့သော်ကျွန်တော်မနေ။ သည်ရက်အတွင်းမှာ ကျွန်တော်တို့မြို့က ပုံတူရုပ်တု ထုလောက်သည့် ပုဂ္ဂိုလ်တစ်ယောက်ယောက် ရွေးချယ်ကာ ကိုယ်တစ်ပိုင်းရုပ်တုတစ်ခု ထုလုပ်ရန် ကျွန်တော်ဆုံးဖြတ်ခဲ့သည်။

အနုပညာလောကမှ အခြား မည်သည့်ပုဂ္ဂိုလ်ကိုမဆို မေးကြည့်လျှင် သည်လို အလုပ်မျိုး တစ်ခု ဆယ်ရက်နှင့် ပြီးအောင်တာဝန်ယူလုပ်ဆောင်ဖို့ ဆိုသည်မှာ အတင့်ရဲလွန်းသော လုပ်ရပ်တစ်ခုပဲဟု မြင်ကြမှာ သေချာသည်။ သို့သော် ဘယ်လောက် ရဲလွန်း ရမ်းလွန်းခဲ့သည်ဆိုတာကို နောက်နှစ်လလောက်ကြာတော့မှ ကျွန်တော် ကောင်းကောင်းကြီး သိမြင်ခဲ့ရပါသည်။

မြို့၌ထင်ရှားအရေးပါသူအတော်တော်များများကိုစဉ်းစားသုံးသပ်ပြီးနောက် ကျူ၊ဂျီ၊နော့ဗလစ်အမည်ရှိပုဂ္ဂိုလ်ကြီးအား ကျွန်တော်ရွေးချယ်ခဲ့ပါသည်။ သူက နော့ဗလစ်-စပတ် စက်မှုလုပ်ငန်းကြီး၏ ဘုတ်အဖွဲ့ဥက္ကဋ္ဌဖြစ်၍ ငယ်စဉ်ကတည်းက ကျွန်တော်လေးစား အားကျခဲ့သူတစ်ဦးလည်းဖြစ်ပါသည်။

သူ၏ လုပ်ဖော်ကိုင်ဖက်များအား မစ္စတာ နော့ဗလစ်အတွက်ကိုယ်တစ်ပိုင်းပုံတူ ကြေးရုပ်တစ်ခု လက်ဆောင်အဖြစ်ပေးကြမည်ဆိုလျှင် သူ့အပေါ် ၎င်းတို့၏ လေးစားခင်မင်မှုကို ပို၍အထင်မည်ဆိုလျှင် သူ့အပေါ် ၎င်းတို့၏ လေးစားခင်မင်မှုကို ပို၍အထင်အရှား ပြသရာ ရောက်မည်ဟု ကျွန်တော် အကြံဉာဏ်ပေးသည့်အခါ သူတို့သဘောကျကြသည်။

သို့နှင့် နောက်လေးရက်အကြာမှာပင် မစ္စတာ နော့ဗလစ်က ကျွန်တော် ပန်းပုထုနိုင်ရန်အတွက် ပထမအကြိမ် နှစ်နာရီကြာမျှ ထိုင်ပေးရန် ရက်ချိန်းပေးခဲ့သည်။

သူနှင့် ကျွန်တော် စတွေ့ကြသည်အချိန် ဘယ်သူပို၍ စိတ်လှုပ်ရှားနေသလဲ ခွဲခြားရန်ပင် အတော်ခက်သည်။ သူက ကျွန်တော်သူ့မျက်နှာပေါ် ပလတ်စတာအစိုတွေ အုံပြီး ပုံစံယူလိမ့်မည်အထင်နှင့် စိုးရိမ်နေသည်။ ကျွန်တော်ကလည်း တကယ် နဖူးတွေ့ ဒူးတွေ့တွေ့တော့မှ သည်ပုံကို ငါ ခုနစ်ရက်နှင့်ပြီးအောင်ဖန်တီးနိုင်ပါ့မလားဟု တွေးပူလာသည်။ မစ္စတာနော့ဗလစ်ကတော့သူ့မျက်နှာပေါ် ပလတ်စတာတွေ ကပ်မှာ မဟုတ်ကြောင်း သိသည့်အခါ သက်သောင့်သက်သာ ဖြစ်သွားသည်။

ပုံတူရုပ် ထုသည့်အခါ ဦးစွာ ပထမပြုလုပ်ရသည်က ပုံကြမ်းလောင်းရခြင်းဖြစ်သည်။ အချိုးအစားကိုက်ညီသောဦးခေါင်းပုံစံပေါ်လာအောင် မြေစေးနှင့် တည်ဆောက်ယူရသည်။ ပထမနေ့ထွက်လာသည့် အခြေခံပုံစံက မဆိုး။

နောက်တစ်ကြိမ်ထိုင်သည့်အခါ ရှိပြီးအခြေခံပုံပေါ်မှာ မြေစေးတွေ အနည်းငယ်စီဖြည့်ရင်း ဖို့ရင်း နှာခေါင်း ၊ မျက်စိ ၊ ပါးစပ် နှင့် ဆံပင်ပုံစံတွေ ပေါ်လာအောင် ဖော်ယူညှိယူသည်။ တဖြည်းဖြည်း ကျွန်တော့်ရုပ်တုက အပြင်မှသက်ရှိလူ၏ အသွင်သဏ္ဌာန်တွေနှင့် တစ်စိတ်တစ်ပိုင်းတူလာသည်။ သို့သော် အင်္ဂါအစိတ်အပိုင်းတွေအားလုံး ပြည့်စုံပြီးသည့်နောက် အချောကိုင်ရသည့်အပိုင်းမှာလုပ်ငန်းက အလွန်နှေးကွေးလေ့ရှိသည်။ ပြီး ခက်လည်းပိုခက်ခဲသည်။

တတိယအကြိမ် ထိုင်သည့်အခါ၌မူ သည်ရုပ်တုကို အချိန်မီပြီးနိုင်ပါ့မလားဟု ကျွန်တော်တွေးမိစပြုလာသည်။ မြန်မြန်ပြီးစီးအောင် ကျွန်တော်ကြိုးစား၍ လုပ်သည်။ တစ်နာရီခွဲမျှကြာသောအခါ ရုပ်တုက ဘေးတိုက်အနေမထား၌ စိတ်တိုင်းကျ နီးပါးကောင်းသွားသည်။ သို့သော် ရှေ့တည့်တည့်မှ ကြည့်လျှင်ကားလုံးဝနေရာမကျ။ ကျွန်တော်စိုးရိမ်ပူပန်စွာနှင့်ပင် အိမ်ပြန်လာခဲ့သည်။

တနင်္လာနေ့မှာနှစ်နာရီထိုင်သည်။ ဒါက နောက်ဆုံးအကြိမ်။ ကျွန်တော်အသည်းအသန်ဆိုရလောက်အောင် အချိန်လုပြီး အလုပ်လုပ်ရသည်။

သည်အချိန်အတွင်း ရှေ့ဘက်က ကြည့်၍ မတူတာကိုအတော်ကြီး နီးစပ်တူညီအောင် ကျွန်တော်ပြုပြင်နိုင်ခဲ့သည်။ သို့သော် ရုပ်တုတစ်ခုဆိုသည်က အပေါ်ယံ ဆင်တူနေရုံနှင့် မပြီး ၊ လူပုဂ္ဂိုလ်၏ စိတ်ဓာတ်စရိုက်ကိုလည်း ဖော်နိုင်ဖို့လိုသည်။ ကျွန်တော့်ရုပ်တုမှာ မစ္စတာနော့ဗလစ်၏ အဇ္ဈတ္တကိုမမြင်ရသေးဟု ကျွန်တော်ခံစားနေမိသည်။ အချိန်ကလည်း မရှိတော့။

သို့နှင့် မစ္စတာနော့ဗလစ်က သူ၏ ပုံတူရုပ်တုတွင် သူ့စရိုက်လက္ခဏာများ ဖြည့်သွင်းပေးနိုင်ရန်အတွက် သြဂုတ်လ ကျွန်တော်ကျောင်းပိတ်၍ အိမ်ပြန်လာသည့်အချိန်တွင် နောက်ဆုံးတစ်ကြိမ်ထပ်၍ ထိုင်ပေးရန် သဘောတူလိုက်ပါသည်။ ပြီးစီးသွားသည့်ကိုယ်တစ်ပိုင်းပုံကလေးကို ကျွန်တော်တို့အိမ်က မြေတိုက်ခန်းထဲတွင် သိမ်းဆည်းကာ ညစ်ပေခြောက်သွေ့ပြီး မြေစေးတွေ မာခဲမသွားစေရန်အတွက် အရုပ်ပေါ်က အုပ်ထားသည့် အဝတ်စုတ်ကို အခါအားလျော်စွာ ရေဆွတ်ပေးရန် အဖေ့အား မှာခဲ့သည်။

နောက်နှစ်လအကြာမှာ ကျွန်တော်ပြန်ရောက်လာခဲ့သည်။ အိမ်ထဲ လှမ်းဝင်လိုက်သည်နှင့်တစ်ပြိုင်နက် အဆင်မပြေတာတစ်ခုခုတော့ ဖြစ်နေပြီဆိုတာ ကျွန်တော်သိလိုက်သည်။

‘ခေါင်းကြီးက ဘယ်လိုဖြစ်သွားသလဲမသိဘူး ၊ သားကြည့်စမ်းပါဦး’ အဖေက ဆိုသည်။

အဖေ့နောက်က စိတ်ပူပန်စွာနှင့် ကျွန်တော်လိုက်သွားသည်။ ကျွန်တော်ဖန်တီးခဲ့သည့် မစ္စတာနော့ဗလစ် ပုံတူရုပ်က သုံးပိုင်းပဲ့ကာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေချေသည်။ မျက်နှာက ပြားနေသည်။ နားတစ်ဖက် မရှိတော့။ ဦးခေါင်းညာဘက်တစ်ခြမ်းက ဓားနှင့်လှီးထားသလိုအလွှာလိုက်ပဲ့ကျနေသည်။

ဘာကြောင့် သည်လိုဖြစ်သွားရသလဲ ကျွန်တော်သိလိုက်ပါသည်။ ရေဆွတ်တာများသွားခြင်းပင်။ မြေစေးတွေ ရေစိုလွန်းတော့ သူ့အလေးချိန်နှင့်သူ အိပြီး ပဲ့ကျသွားခြင်းဖြစ်သည်။ ကျွန်တော် ပထမဆုံး အပ်ထည်လက်ရာကား ယခုတော့ မအောင်မြင်သော မြေစေးအစုအဝေးမျှသာ ဖြစ်လျက်ရှိချေပြီ။

ကျွန်တော် အကြီးအကျယ် ဒေါသလည်းထွက် ရှက်လည်းရှက် စိတ်လည်းပျက်သွားသည်။ သေတ္တာတစ်လုံးပေါ်ထိုင်ကာငိုချလိုက်မိသည်။

ညဘက်ပိုင်းမှာလည်း ကျွန်တော်တို့တစ်အိမ်လုံး မည်သူမျှမပြုံးရွှင်နိုင်ကြ။ နောက်တော့ဧည့်ခန်းထဲမှာထိုင်မှိုင်နေသည့်ကျွန်တော့်အနီးသို့ အမေ ရောက်လာသည်။ စာအုပ်စင်သို့ သွားကာ စာတစ်အုပ်ဆွဲထုတ်လာ၏ ။ ‘သား ဒီစာအုပ် ဖတ်ဖူးလား’ ဟု မေးသည်။

‘ကျွန်တော်စာအုပ်အကြောင်းမပြောချင်ဘူး အမေ ၊ ကျွန်တော့်မှာ အခုဘေးကျပ်နံကျပ်ဖြစ်နေပြီ ၊ ဒီကိစ္စ ဘယ်လိုဆက်လုပ်မလဲ စဉ်းစားရဦးမယ်’

‘ဒါ သောမတ်(စ်)ကာလိုင်ရဲ့ ပြင်သစ်တော်လှန်ရေးသမိုင်းစာအုပ် သား’ ကျွန်တော့်စကားအဆုံးမှာ အမေဆက်ပြောသည် ၊ ‘အမေတို့ဘာသာစကားနဲ့ ရှိတဲ့စာအုပ်တွေထဲမှာ အကြီးကျယ်ဆုံး စာအုပ်တစ်အုပ်လို့ဆိုနိုင်တယ်’ အမေ ကျွန်တော့်ကို ကြင်နာစွာ ကြည့်နေသည်။

‘အဲဒါ ကျွန်တော်နဲ့ ဘာဆိုင်သလဲ အမေ’

‘မဆိုင်ချင်လဲ အဆိုင်ဘူးပေါ့ ၊ ဒါပေမဲ့ အများကြီးလဲ ဆိုင်လို့ ရတယ်သား ၊ ကာလိုင်ဟာ အဲဒီစာမူကြီးကို မိတ်ဆွေတစ်ယောက်ဌားလို့လက်ဆင့်ကမ်းလိုက်တယ် ၊ အဲဒီမိတ်ဆွေရဲ့ အိမ်မှာ အိမ်ဖော်လုပ်တဲ့မိန်းမက ဒီစာမူကို ရေးပြီး စက္ကူဟောင်းတွေ အမှိုက်ဟောင်းတွေဆိုပြီး မီးဖိုထဲ ထည့်ပစ်လိုက်တယ် ၊ လပေါင်းများစွာ ဒါမှမဟုတ် နှစ်နဲ့တောင်ချီကောင်းချီမယ့် အလုပ်တစ်ခုဟာ ပြာဖြစ်သွားတယ် ၊ ကာလိုင့်ဆီမှာ ဒီစာအုပ်နဲ့ ပတ်သက်လို့ ဘာမှတ်စုမှတ်တမ်းမှ မကျန်ရစ်ဘူး’

‘အဲဒီတော့ ကာလိုင် ဘာလုပ်လဲ’ ကျွန်တော်မေးသည်။

‘သူ လုပ်နိုင်တာ တစ်ခုတည်းရှိတာပဲ ၊ သူ ဒီစာအုပ်ကို အစအဆုံး ပြန်ရေးတယ် ၊ ဒီအခါမှာ မူလရေးစဉ်ကထက် အများကြီးတိုတောင်းတဲ့အချိန်အတွင်းမှာ ပြီးစီးသွားတယ်’

‘မှတ်စုတွေ မရှိဘဲ ဘယ်လိုရေးသလဲ’

‘စာအုပ်တစ်အုပ်လုံးက သူ့ခေါင်းထဲမှာ ရှိနေသေးတာကိုး ၊ သူ့အလုပ်က ခေါင်းထဲရှိတာ စာရွက်ပေါ် ပြန်တင်ရုံပဲဟာ’

အမေ ကာလိုင့်စာအုပ်ကို စင်မှာ ပြန်တင်ထားလိုက်ပြီး မီးဖိုချောင်ထဲ ဝင်သွားသည်။

အတော်လေးကြာလျှင်ပင် ကျွန်တော်မြေတိုက်ခန်းထဲ ဝင်ကာ အားကြိုးမာန်တက် အလုပ်စတင်သည်။ မူလ ပုံစံဟောင်းအကြွင်းအကျန်ကို ရေနည်းနည်းခြောက်အောင် လုပ်ပြီးနောက်ရုပ်တုကို ပြန်လည်တည်ဆောက်သည်။ တဖြည်းဖြည်း နဂိုပုံ ပြန်ပေါ်လာသည်။ လုပ်ရင်း ကိုင်ရင်းပင် ကျွန်တော့် လက်တွေကယခင် သူတို့လုပ်ခဲ့ရသည့် လုပ်ငန်းအသေးစိတ်တွေကိုပြန်မှတ်မိလာပုံရသည်။ ပထမအကြိမ်က ကျွန်တော်မှား၍ ပြန်ပြင်ရတာတွေ ယခုအကြိမ်မှာ ရှောင်နိုင်ခဲ့သည်။

နောက်တစ်နေ့မနက် ကျွန်တော်ဆက်လုပ်သည်။ ညဉ့်နက်ပိုင်းလောက် ရောက်သည့်အခါတွင်ကား လွန်ခဲ့သည့် နှစ်လကရှိခဲ့သည့် အနေအထားအတိုင်း ကျွန်တော်ပြန်၍ရလေသည်။

‘နည်းနည်း ပြင်လိုက်တယ်ထင်တယ် ၊ ဟုတ်ရဲ့လား’ သူက မေးသည်။

‘ဟုတ်ပါတယ် ခင်ဗျ’

‘ကျွန်တော်တော့ အရင်ထက် ပိုကောင်းသွားတယ်ထင်တာပဲ ၊ ပိုအသက်ဝင်လာတယ် ၊ အမူအရာလဲ နည်းနည်းပိုပါလာတယ်ထင်တယ် ၊ ကျွန်တော်တော့ ထပ်လုပ်ဖို့တောင် လိုမယ်မထင်တော့ဘူး’

မယုံကြည်နိုင်စရာပင်။ ဒုတိယလက်ရာက ပထမထက် ပိုကောင်းနေခဲ့သည်။ သည်လက်ရာကို ပုံယူပြီး ကြေးသွန်းသည်။ ပြီးလျှင် စက်ရုံဧည့်ခန်းနံရံမှာ သူ့အတွက် နေရာကလေး ပြုလုပ်ပြီး ထားရှိလေသည်။

သည်ရုပ်တုက ကျွန်တော့်အဖို့ တစ်သက် မမေ့နိုင်သောရုပ်တုတစ်ခု ဖြစ်ခဲ့သည်။ သည်ဟာကို စတင်စဉ်က ကျွန်တော်သည် ချာတိတ် ၊ ပြီးစီးသည့်အချိန်မှာတော့ ကျွန်တော်ကရင့်ကျက်ပြည့်ဝသူ လူကြီးတစ်ယောက်ဖြစ်သွားခဲ့သည်။

သည်အတိုင်းလုပ်ပါဟူ၍လည်း အတင်းတိုက်တွန်းမသွားသော အမေ့အဆုံးအမမှနေ၍ လူတိုင်း မှတ်သားထားသင့်သောအသိတရားတစ်ခု ကျွန်တော်ရခဲ့သည်။

‘မည်သည့်ပျက်စီးဆုံးရှုံးမှုမျိုးမဆိုလုံးဝပြန်လည်ပြင်ဆင်၍မရနိုင်တော့ဟူသည်မရှိ။ မဖြစ်ဖြစ်အောင်လုပ်မည် ဟူသောပြတ်သားခိုင်မာသည့်စိတ်ဇွဲ၏ တန်ခိုးစွမ်းအားဖြင့် အဲသည်ဆုံးရှုံးမှုကို အောင်မြင်မှုသို့ တက်လှမ်းရာ လှေကားထစ်အဖြစ်ပြောင်းလဲပစ်နိုင်သည်’ ဟူသောအချက်ပေတည်း။

***

[ရည်ညွှန်း။ ။ The Head I Almost Lost – Reader’s Digest, August 1957]

ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

Saturday, April 19, 2008

ကမ္ဘာလောကကြီးရေ

ဒီစာအုပ်ကိုစာရေးဆရာကြီး 'ဖေမြင့်' ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

ကမ္ဘာလောကကြီးရေ

ကျွန်မသား စကော့ နေသည့်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးက အရေးကြီးသော ကိစ္စတစ်ခု ပြောလို၍ အိမ်သို့ လာရောက်လိုကြောင်းနှင့် တွေ့ဆုံနိုင်မည့်အချိန်ကို ပြန်ကြားပေးပါရန် ဖုန်းဆက်ပြောဆိုသည်။

စကော့၏ ကျောင်းဆင်းပွဲကလည်း ရက်သတ္တပတ်အနည်းငယ်သာ လိုတော့သည်ဖြစ်ရာ ကျောင်းအုပ်ကြီးဆက်သွယ်ခြင်းမှာ ယင်းကိစ္စနှင့် ဆက်စပ် ပတ်သက်လိမ့်မည်ဟု ကျွန်မ ယူဆမိသည်။ သို့သော် စကော့ တစ်ယောက် ကျောင်းမှာ မဟုတ်တရုတ် တစ်ခုခုများ လုပ်ခဲ့လေသလားယူ၍လည်း စိတ်ထဲတွေးပူမိသေး၏ ။ သို့နှင့်သတင်းကောင်းပဲကြားပါရစေဟု ကျိတ်ဆုတောင်းကာ ဆရာကြီးအလာကိုစောင့်မျှော်နေခဲ့သည်။

သတင်းက သတင်းကောင်း အစစ်ဖြစ်သည်။ကျောင်းဆင်းပွဲတွင် ကျောင်းသားများကိုယ်စားနှုတ်ဆက်စကား ပြောကြားရန်အတွက် စကော့အား ရွေးချယ် အပ်နှင်းကြောင်း ကြားသိရသည်။ ထို့နောက် ဆရာကြီးက သား၏အောင်မြင်မှုကို ဂုဏ်ပြုသောအားဖြင့် ကျောင်းဆင်းပွဲနှင့် စပ်လျဉ်းသည့် အမှတ်တရ စာတစ်ပုဒ် ရေးသားပေးပါရန် ကျွန်မအား မေတ္တာရပ်ခံသည်။ ကျွန်မကလည်း ဝမ်းမြောက်ဝမ်းသာ ဆောင်ရွက်ပေးနိုင်ပါကြောင်းပြန်၍ပြောလိုက်သည်။ သားအတွက် ကျွန်မ တကယ်ပင် ဝမ်းမြောက်ဂုဏ်ယူခဲ့ခြင်းဖြစ်သည်။

လက်နှိပ်စက်ရှေ့မှာထိုင်ကာ စကော့ ဖြတ်သန်းခဲ့ရသည့်ဘဝခရီးအကြောင်း ပြန်ပြောင်း တွေးတောရင်း သူ့ဘဝအတွက် သည်ကျောင်းဆင်းပွဲ၏ ထူးခြားအရားပါလှပုံကို ကျွန်မထင်လင်းစွာ မြင်လာသည်။ စကော့နှင့် သူ၏ အတန်းဖော်သူငယ်ချင်းများသည်သူတို့အတွက် လုံးဝစိမ်းနေသေးသည့် လက်တွေ့လူ့လောကကြီးအတွင်းသို့ ဝင်ရောက်ကြရတော့မည် ဖြစ်သည်။ သူတို့ကို ကျွန်မတို့ နေ့စဉ် ပုံမှန် လိုက်လံထိန်းကျောင်းပေးနေနိုင်မည် မဟုတ်တော့ ၊ အကြံပေးခြင်း ၊ ဖေးမ ကူညီခြင်းများလည်း မပြတ်လုပ်နေနိုင်မည် မဟုတ်တော့။

သို့နှင့် သူတို့ နဖူးတွေ့ဒူးတွေ့ တွေ့ကြရတော့မည့် ကမ္ဘာလောကကြီးထံ ကျွန်မ စာတစ်စောင် ယခုလို ရေးဖြစ်ခဲ့သည်။

***


ကမ္ဘာလောကကြီးရေ…

တို့ကလေးတွေ ဒီနေ့ ကျောင်းဆင်းကြတော့မယ်။ ကာလအတန်ကြာတဲ့အထိ မင်းကို သူတို့ နားလည်နိုင်ကြဦးမှာ မဟုတ်ဘူး။ မင်းသူတို့ကို ကြင်ကြင်နာနာဆက်ဆံပေးပါလို့ ငါ မေတ္တာရပ်ခံချင်တယ်။

မင်းသိတဲ့အတိုင်း သူတို့က လောလောဆယ် အချိန်ထိ ကိုယ့်အိမ်မှာကိုယ် ဗိုလ်လုပ်နေခဲ့ကြတာ။ သူတို့ခံစားချက်တွေ ၊ ဝေဒနာတွေမှန်သမျှ မိဘက မပြတ်အကဲခတ်ပြီး ဖြေဖျောက်ပေး ကုစားပေးနေခဲ့တာ။ နက်ဖြန်သန်ဘက်က စပြီး အခြေအနေတွေက လုံးဝခြားနားသွားတော့မှာ။ အရင်တစ်ခါမှ မကြုံဖူးတဲ့ စွန့်စားခန်းအသစ်တစ်ခု စတင်ရတော့မှာ။ ဒီစွန့်စားခန်းခရီးမှာ ဒုက္ခဆင်းရဲတွေ ၊ ဝမ်းနည်းကြေကွဲစရာတွေလည်း ကြုံရလိမ့်မယ်။ သူနိုင် ငါနိုင် ယှဉ်ပြိုင်ရတဲ့ တိုက်ပွဲတွေလည်း ဆင်နွှဲရလိမ့်မယ်။ ဒီခရီးလမ်းကို လျှောက်လှမ်းနိုင်ဖို့အတွက် သူတို့မှာ ယုံကြည်မှုတွေ ၊ မေတ္တာတရားတွေ ၊ ခံနိုင်ရည်တွေ ၊ သိနားလည်မှုတွေ အများကြီး လိုအပ်လိမ့်မယ်။

ဒါကြောင့်မို့ သူတို့လေးတွေကို ကြည့်ရှု စောင့်ရှောက်ပေးဖို့ မေတ္တာရပ်ခံနေရတာပဲ ကမ္ဘာလောကကြီးရေ။

သူတို့ သိသင့်သိထိုက်တဲ့အရာတွေ သိအောင် တတ်အောင် သင်ပြပေးစမ်းပါ။ ဒါပေမဲ့ ကျေးဇူးပြုပြီး တတ်နိုင်သမျှ ညှာညှာတာတာတော့ ကိုင်တွယ်ပါနော်။

လောကကြီးမှာ လူတိုင်းသမားသမတ်ရှိတာမဟုတ်ဘူး။ တရားသဖြင့် လုပ်နေတာ မဟုတ်ဘူး ၊ မမှန်မကန်တဲ့လူတွေလည်း ရှိတယ်ဆိုတာ သူတို့သိဖို့ လိုသေးတယ်။ ဒါပေမဲ့ လူဆိုးတစ်ယောက် ရှိတိုင်း ဇာတ်လိုက် လူစွမ်းကောင်း တစ်ယောက်တော့ရှိတယ်။ လိမ်ညာ ကောက်ကျစ်တဲ့ နိုင်ငံရေးသမား တစ်ယောက် ရှိတိုင်း လေးစားကြည်ညိုစရာကောင်းတဲ့ နိုင်ငံရေးခေါင်းဆောင်ကောင်းတစ်ယောက်ရှိတယ်။ ကိုယ့်ကို ဒုက္ခပေးမယ့် ရန်သူတစ်ယောက်ရှိတိုင်း ကိုယ့်ကို ကူညီရိုင်းပင်းမယ့် မိတ်ဆွေတစ်ယောက်တော့ ရှိတယ်ဆိုတာလည်း သင်ကြားပေးစေချင်တယ်။

အချိန်တော့ ပေးရမှာပေါ့ လောကကြီးရယ်။ ဒါပေမဲ့ ကိုယ်တိုင်ရှာ ငွေတစ်ကျပ်ဟာ အလကားရတဲ့ ငွေတစ်ရာထက် တန်ဖိုးရှိတယ်ဆိုတဲ့အကြောင်း ၊ အရှုံးကိုအပြုံးမပျက် ခံယူတတ်မှ အောင်နိုင်ချိန်မှာ ပြည့်ပြည့်၀၀ ပျော်ရွှင်နိုင်မယ်ဆိုတဲ့အကြောင်းတွေလည်း သူတို့သိနားလည်အောင် ဆောင်ရွက်ပေးစေချင်တယ်။

ဖြစ်နိုင်ရင် သူတို့မှာ ဝန်တိုမစ္ဆေရိယစိတ်တွေ ကင်းစင်အောင် ၊ သူတစ်ပါးရဲ့ အဆင်ပြေမှု ၊ အောင်မြင်မှု အတွက်လည်း မုဒိတာ ပွားတတ်အောင် သင်ကြားပေးစေချင်တယ်။ မအောင်မြင်မှုနဲ့ ကြုံရတဲ့အခါမျိုးမှာ အရှုံးဒဏ်ကို ကြံ့ကြံ့ခံနိုင်တဲ့ ဇွဲသတ္တိရှိဖို့နဲ့ အောင်မြင်တဲ့အထိဆက်ကြိုးစားမယ်ဆိုတဲ့ စိတ်ဆန္ဒ ဆက်လက်ပြင်းပြနေတတ်ဖို့လည်း သင်ကြားပေးပါ။ ပြီး သိမ်မွေ့သူကို သိမ်မွေ့စွာ ဆက်ဆံဆတတ်ဖို့ ၊ မာကျောသူနဲ့တွေ့တဲ့အခါ ကိုယ်လည်း မာကျောနိုင်ဖို့ လမ်းညွှန်ပေးပါ။

အများနောက် ရောယောင်မလိုက်ဘဲ ကိုယ့်အသိဉာဏ် ၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ အလုပ်လုပ်တတ်ဖို့ ၊ ဘယ်သူ့စကားမှ နားပိတ် မထားသော်လည်း ကြားသမျှကိုတော့ အမှန်တရားဆိုတဲ့ ဆန်ခါနဲ့ စစ်ပြီးမှ လက်ခံ မှတ်သားတတ်ဖို့ ၊ ဝမ်းနည်းကြေကွဲချိန်မှာလည်း အပြုံးမပျက်နေတတ်ဖို့ ၊ သို့သော် မျက်ရည်ကျခြင်းကိုလည်း ရှက်စရာလို့ မယူဆဖို့ ၊ ပြီး တစ်ခါတစ်ရံ ရှုံးနိမ့်ခြင်းမှာလည်းဂုဏ်ကျက်သရေ ရှိနေတတ်ပြီး အောင်မြင်ပါလျက် စိတ်ပျက်ရခြင်း ဆိုတာမျိုးလည်း ရှိကြောင်း သိရှိဖို့ကိုပါ သင်ကြားပေးစေချင်တယ်။

အမြဲမကောင်းပြောတတ်တဲ့လူတွေကို ဂရုမစိုက်ဖို့စကားချိုလွန်းသူကို သတိထားဖို့။

ကိုယ့်ရဲ့ ဦးနှောက်နဲ့ ကြွက်သားကို ကြေးအမြင့်ဆုံးပေးသူထံ ရောင်းချတတ်ဖို့ ၊ ဒါပေမဲ့ နှလုံးသားနဲ့ ဝိညာဉ်ကိုတော့ ဘယ်တော့မှ ဈေးနှုန်းမသတ်မှတ်ဖို့အတွက်လည်း သင်ဖို့လိုလိမ့်မယ်။

အကယ်၍ ဖြစ်နိုင်မယ်ဆိုရင် ကိုယ်နဲ့ သူတစ်ပါးနှိုင်းယှဉ်တာမျိုး မလုပ်ဖို့လည်း သင်ပြပေးစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ လောကကြီးမှာ ကိုယ့်ထက်ကြီးကျယ်တဲ့လူ ၊ ကိုယ့်ထက် နိမ့်ပါးတဲ့လူတွေဆိုတာ အမြဲရှိနေမှာ မဟုတ်လား။ ကိုယ့်စံချိန် ကိုယ် ချိုးနိုင်အောင် ၊ ကိုယ့် ယခင် ဆောင်ရွက်ချက်တွေထက် ထူးခြားသာလွန်အောင် ပြိုင်ဆိုင်ကြိုးစားဖို့သာ သူတို့ကို သင်ကြားစေချင်တယ်။

ပြီးတော့ လောကကြီးမှာ တစ်ခါတစ်ရံ အလောင်းအစား လုပ်ရတဲ့အခါမျိုး ရှိသလို အံစာတုံးကို လက်လွှဲပေးလိုက်ရတဲ့အခါမျိုးလည်း ရှိတယ်ဆိုတာ သူတို့သိဖို့လိုလိမ့်မယ်။

လောကကြီးရေ…သူတို့ကို ကြင်ကြင်နာနာဆက်ဆံပါကွာ။ ဒါပေမယ့် အလိုတော့ မလိုက်နဲ့ ၊ သိပ်လည်းမျက်နှာသာ မပေးနဲ့ ၊ ဘာကြောင့်လဲဆိုတော့မီးဒဏ်ကို နာနာခံပြီးမှအသားကောင်းတဲ့ သံမဏိဖြစ်မှာကိုး။ ဒီအတွက်သူတို့မှာ မိမိကိုယ်ကို ယုံကြည်တဲ့စိတ်ထက်သန်ပြင်းပြစွာရှိဖို့ မွေးမြူလေ့ကျင့်ပေးပါ ၊ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ရှိမှ လူသားတစ်ရပ်လုံးအပေါ် ယုံကြည်တဲ့စိတ် သူတို့မှာ ကိန်းအောင်းလာလိမ့်မယ်။

မှာလိုက်တာတွေက သိပ်များနေပြီလားပဲ လောကကြီးရေ။ ဒါပေမဲ့ မင်းတတ်နိုင်သမျှတော့ လုပ်ပေးနော်။ သူတို့က နုနယ်သေးတဲ့ လူငယ်လေးတွေ…၊ ငါတို့ရဲ့ကလေးတွေပါ။

[မူရင်း။ ။ Avril Johannes ၏ Dear World]

ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

Monday, April 14, 2008

‘၁’ ဂဏန်းလေးရဲ့ရွေးချယ်မူ့

ဟိုးရှေးရှေးတုန်းကပေါ့ဗျာ ‘၁’ လေးတစ်ကောင်တည်းလမ်းလျှောက်ထွက်ရင်း ဘဝလက်တွဲဖော်လိုက်ရှာတယ်ပေါ့ဗျာ။ ဒီလိုနဲ့လျှောက်လာရင်း လမ်းမှာအရင်ဆုံး စတွေ့တာကတော့…

သူနဲ့တူတဲ့ ‘၁’ လေးကိုစတွေ့တယ်။
အဲဒီမှာ အဖော်ရှာထွက်လာတဲ့ ‘၁’ လေးကို လမ်းမှာတွေ့တဲ့ ‘၁’ လေးက “မင်း နဲ့ ငါ နဲ့ပေါင်းဖြစ်ရင် ‘နှစ်’နှစ်ကာကာ နဲ့ မြတ်နိုးပါမယ်” တဲ့။ ပထမ ‘၁’ လေးက “စဉ်းစားပါရစေဦး” ဆိုပြီးထပ်ထွက်လာတယ်။

‘၂’ နဲ့ ထပ်တွေ့တယ်။ ‘၂’ လေးကလဲ ဒီလိုဆိုပါတယ်။ “မင်းနဲ့ငါနဲ့ပေါင်းဖြစ်ရင် ‘သုံး’ လို့မကုန်တဲ့စည်းစိမ်းတွေပုံပေးပါမယ်” တဲ့။ ဒါနဲ့ ‘၁’ စောစောကလိုပဲ “စဉ်းစားပါရစေ” ဆိုပြီးထွက်လာပြန်ရော။

‘၃’ နဲ့ ထပ်တွေ့တယ်။ ‘၃’ လေးကလဲ ဒီလို တော်ကီပစ်တယ်ဗျ။ “မင်းနဲ့ငါနဲ့ပေါင်းဖြစ်ရင် မင်းကို ‘လေး’လေးနက်နက် နဲ့ တသက်လုံးချစ်သွားပါမယ်” တဲ့။ ‘၁’ ကလဲထုံးစံအတိုင်း စဉ်းစားမယ်ပေါ့ဗျာ။

‘၄’ နဲ့ တွေ့ပြန်ရော။ ‘၄’ ကတော့ဘာမှမပြောဘူးဗျ။ ‘၁’ လေးစဉ်းစားတာက ဒီလူနဲ့ပေါင်း ရင် ရေလိုက်‘ငါး’လိုက်ပဲနေမယ့်လူစားမျိုးလို့ကောက်ချက်ချတယ်။ ဒါနဲ့ ‘၁’ လေးခရီးထပ်ဆက်တယ်။

‘၅’ နဲ့ တွေ့တယ်။ ‘၅’ကလူရိုးလေးဗျ။ သူ့ကို ‘၁’ ကဒီလိုကောက်ချက်ပေးတယ်။ အင်းသူ့နဲ့ပေါင်းရင်တော့ သူလေးက ‘ခြောက်’ ပြစ်ကင်းသဲလဲစင် လေးပဲဆိုပြီး စိတ်ထဲမှာ မှတ်ပြီး နောက်ထပ်လေ့လာကြည့်ဦးမယ်ဆိုပြီး ထွက်လာပြန်ရော။

‘၆’ နဲ့ တွေ့ပြန်တယ်။ ‘၆’ ကိုတွေ့တော့ ။ အင်းဒီလူနဲ့ပေါင်းရင်တော့ ဘာမှဖြစ်လာမှာဟုတ်ဘူးတဲ့ အ‘၇’ပဲရှိတယ်တဲ့ အဲလိုစိတ်ထဲကနှိမ်ပြီးထွက်သွားပြန်ရော။

‘၇’ နဲ့ တွေ့တယ်။ ‘၇’ ကိုလဲမနှစ်သက်ဖူးဗျ။ သူနဲ့ပေါင်းရင်တော့ ငါ့ဘဝတော့ ချီး(၈=shit)တွင်းထဲ မှာနေရသလိုပဲနေမှာတဲ့။

‘၈’ နဲ့ ထပ်တွေ့ပြန်တယ်။ ‘၈’ ကိုမြင်တော့သူနည်းနည်းသဘောကျသွားတယ်ဗျ။ သူနဲ့ပေါင်းရရင်တော့ ယုံကြည်‘ကိုး’စားရမယ့်သူ။ အား‘ကိုး’ရမဲ့သူဆိုပြီတော့လေ။ အင်းဆက်သွားကြည့်ပါဦးမယ်ဆိုပြီထွက်လာပြန်ရော။

‘၉’ နဲ့သွားတွေ့တယ်ဗျ။ ‘၁’ တော်တော်လန့်သွားတယ်ဗျ။ သူနဲ့ပေါင်းရရင် အဖတ်‘ဆယ်’ လို့တောင်ရမှာဟုတ်ဘူးတဲ့လေ။

နောက်ဆုံး ‘ဝ’ လေးနဲ့သွားတွေ့တယ်။ ‘ဝ’ လေးကိုတွေ့တော့ သူ တော်တော်လေး လေးစားသွားတယ်။ ဘာလို့လဲဆိုတော့ ‘ဝ’ လေးက ဘယ်သူနဲ့ပေါင်းပေါင်း သူနဲ့ပေါင်းတဲ့လူရဲ့တန်ဖိုးဟာ ဘာမှပြောင်းလဲမှုမရှိဘူးဆိုတော့။ သူနဲ့ပေါင်းတဲ့လူနဲ့ထပ်တူခံစားပေးနိုင်တယ်ဆိုပြီးတော့လေ။

ကဲဘယ်လိုလုပ်ကြမလဲ။ ‘၁’ လေးကို ဘယ်သူနဲ့ သဘောတူလဲဗျ။ ဟဲဟဲ ပျင်းလို့လျှောက်ရေးထားတာ ဘာမှဟုတ်ဘူး။ လျှောက်ရေးထားတာကို လျှောက်ဖြေပေးကြပါဗျို့။ နှစ်သစ်မှာရွင်လန်းချမ်းမြေ့ကြပါစေဗျာ။

ကျွန်တော်ထပ်ပြောချင်တယ်ဗျ ကျွန်တော်ပထမဆုံးတင်တုံးက ‘ဝ’ လေးအကြောင်း ကျန်ခဲ့တယ်ဗျ။ ဒီနေ့(၁၅.၀၄.၂၀၀၈)မှသတိရလို့ထပ်တင်လိုက်တယ်။ ခွင့်လွတ်ပေးကြပါ။ မင်္ဂလာနှစ်သစ်ပါဗျို့။

ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

Wednesday, April 9, 2008

သားမိုက် ဘဝမှရုန်းထွက်ခြင်း

ဤပိုစ်လေးကိုခဏဖျက်ထားပါသည်။

ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

Monday, April 7, 2008

ပြတင်းပေါက်

ဒီစာအုပ်ကိုစာရေးဆရာကြီး 'ဖေမြင့်' ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

ပြတင်းပေါက်


ဘဝဟူသည်
ကျွနု်ပ်တို့ စီမံဖန်တီးသည့်အတိုင်း ဖြစ်ရ၏ ။
ယခင်ကလည်း ဤသို့ ၊ နောင်လည်း ဤနှယ်ပင်။
[ဘွားဘွားမိုးဇက်]

တစ်ခါက ဆေးရုံကြီး တစ်ရုံရှိ လူနာခန်းကျဉ်းလေး တစ်ခုထဲမှာ လူနှစ်ယောက်ရှိကြသည်။ နှစ်ယောက်လုံးပင် ရောဂါသည်းသော လူနာများဖြစ်သည်။ အခန်းလေးက ကျဉ်းပြီးအပြင်လောကကို ကြည့်စရာ ပြတင်းပေါက် တစ်ခုသာပါသည်။

လူနာနှစ်ယောက်အနက် တစ်ယောက်က နေ့လယ်ပိုင်း သူ့အဆုတ်ထဲက အရည်တွေ ပိုက်နှင့် စုပ်ထုတ်ရတာကို အကြောင်းပြု၍ တစ်နာရီခန့် ထိုင်ခွင့်ရသည်။ သူ့ခုတင်က ပြတင်းပေါက်အနီးမှာ ရှိနေသည်။ တစ်ဖက်ခုတင်ရှိလူနာကတော့ တစ်ချိန်လုံး ပက်လက်လှန်ကာစန့်စန့်ကြီး လှဲနေရသည်။

နေ့လယ်ခင်းတိုင်း ပြတင်းပေါက်အနီးရှိလူနာက ခုတင်မှာ ခေါင်းအုံးတွေ ဘာတွေဆင့်ကာ ကျောမှီ၍ ထိုင်ခွင့်ရသည့်အချိန် အပြင်ဘက်ဆီ၌ သူ လှမ်းမြင်ရသည့် အရာတွေကို အနီးရှိလူအား ပြောပြလေ့ရှိသည်။

ပြတင်းပေါက်က လှမ်းကြည့်လျှင် အပြင်မှာ ပန်းခြံကြီးတစ်ခု မြင်ရသည်ဟုဆိုသည်။ အဲသည်အထဲမှာ ရေကန်ကြီး တစ်ကန်ရှိသည်။ ရေကန်မှာ ဘဲတွေ ငန်းတွေရေကူးနေသည်။ ကလေးများက သူတို့ကို ပေါင်မုန့်တွေပစ်ကျွေးကြသည်။ ကလေးအချို့က လှေကလေးတွေ မျှောနေသည်။ ချစ်သူစုံတွဲတွေ သစ်ပင်ကြီးများအောက် လက်ချင်းတွဲပြီး လမ်းလျှောက် နေကြသည်။ ပန်းတွေကဝေေ၀ဆာဆာပွင့်နေသည်။ မြက်ခင်းစိမ်းစိမ်းက အပြန့်ကျယ် လှသည်။ အဲသည်မှာ ဘောလုံးပျော့ (ဆော့ဖ်ဘော) ကစားနေကြသူတွေလည်း မြင်ရသည်။ ဟိုအဝေးဆီ၌မှု သစ်ပင်တွေထိပ်ဖျားမှ ထိုးထွက်နေသည့် တိုက်တာအိမ်ရာများ။ ထို့နောက်၌ ပြာလဲ့သော မိုးကောင်းကင်။

ပက်လက်လှန်နေရသောသူသည် တစ်ဖက်လူ ခရေစေ့တွင်းကျ ပြောပြသမျှကို နားစွင့်ကာကိုယ်တိုင်ကြည့်ရသလောက် အရသာတွေ့လျက်ရှိသည်။ ကလေး တစ်ယောက် ရေထဲလိမ့်ကျတော့မလို ဖြစ်သွားတာ ၊ နွေရာသီဝတ်စုံသစ်တွေနှင့် မိန်းကလေးတွေ အရမ်းလှပနေကြတာ စသဖြင့် အပြင်လောကမှာဖြစ်ပျက်နေပုံ အလုံးစုံကို သူ့အာရုံထဲ အသေးစိတ် မြင်ခွင့်ရနေသည်။

သည်လိုနေရင်း သာယာသောနေ့လယ်ခင်းတစ်ခုမှာ သူ့ခေါင်းထဲ အတွေးတစ်ခု ဝင်လာသည်။ တစ်ဖက်လူကတော့ ပြတင်းပေါက်နားမှာနေပြီး အပြင်လောကရှုခင်းအစုံကို စိတ်တိုင်းကျကြည့်ခွင့်ရနေသည် ၊ မိမိကိုတော့ ဘာကြောင့် အဲသည် နားထားမပေးသလဲ ဟူသောအတွေးဖြစ်သည်။

သည်လို သေးသေးသိမ်သိမ် တွေးမိခြင်းအတွက်လည်း သူရှက်တော့ရှက်မိသည်။ သို့သော်သည်အတွေးကို ဖျောက်နေသည့်ကြားကပင် နေရာချင်း လဲချင်စိတ်က ပြင်းပြသထက် ပြင်းပြလာသည်။ ဘယ်နည်းနဲ့ဖြစ်ဖြစ် လဲရမှဖြစ်မယ်ဆိုတာမျိုးအထိ သူ တွေးမိလာသည်။

တစ်ညမှာတော့ သူမျက်နှာကြက်ကို ငေးကြည့်နေစဉ် တစ်ဖက်လူ ရုတ်တရက်နိုးလာကာချောင်းဆိုးသည်။ ချောင်းဆိုးရင်း သီးလာသည်။ သူနာပြုဆရာမကို အရေးပေါ် ခေါ်သည့် အချက်ပေးခလုတ်ကို နှိပ်ရန် လက်ကစမ်းတဝါးဝါးလိုက်ရှာသည်။

သို့သော် သူမလှုပ်ရှား။ တစ်ဖက်လူ အသက်ရှူသံရပ်သွားသည်အထိ ငြိမ်၍ပင် စောင့်ကြည့်နေသည်။

နောက်နေ့မနက်မှာ သူနာပြုဆရာမက တစ်ဖက်လူသေဆုံးနေကြောင်း တွေ့ရှိကာ အလောင်းကိုတိတ်ဆိတ်စွာပင် သယ်ယူသွားသည်။

ဣန္ဒြေမပျက်လောက်ဘူးဟု ထင်ရသော အချိန်လောက်တွင် ကျန်ရစ်သူက သူ့အားပြတင်းပေါက်အနီးရှိ ခုတင်သို့ ပြောင်းပေးနိုင်မလား မေးသည်။

သို့နှင့် ပြောင်းပေးကြသည်။ သက်သောင့်သက်သာအရှိဆုံး ဖြစ်အောင် နေရာချပေးသည်။ သပ်သပ်ရပ်ရပ်ပြင်ဆင်ထားသိုပေးသည်။

သူနာပြုတွေ ထွက်သွားသည်နှင့်တစ်ပြိုင်နက် တံတောင် တစ်ဖက်ပေါ်တွင် အားပြုကာ သူကြိုးစား၍ ထသည်။ နာကျင်မှုဝေဒနာကို ကျိတ်မှိတ်ခံကာ သူ့ကိုယ်သူ ခဲယဉ်းပင်ပန်းစွာ ထူမပြီး ပြတင်းပေါက်မှ အပြင်သို့လှမ်းကြည့်သည်။ အပြင်၌ နံရံတံတိုင်းတစ်ခုသော သူမြင်ရလေသည်။


[မှုရင်း။ ။ အမည်မသိ စာရေးသူ၏ The Window]

ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

Friday, April 4, 2008

အဖေ

ဒီစာအုပ်ကိုစာရေးဆရာကြီး 'ဖေမြင့်' ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

အဖေ


ကျွန်တော်

၄နှစ်သားတုန်းက ငါ့ဖေဖေကြီး ဘာမဆို လုပ်တတ်တယ်။

၅နှစ်… ငါ့ဖေဖေကြီး မသိတာ ဘာမှ မရှိဘူး။

၆နှစ်… ငါ့အဖေက မင်းအဖေထက် တတ်တယ်ကွ။

၈နှစ်… တို့အဖေက အကုန်လုံးတော့လည်း အတိအကျ မသိဘူး။

၁၀နှစ်… အဖေတို့ ငယ်ငယ်တုန်းကနဲ့ အခုနဲ့ကတခြားစီပဲ။

၁၂နှစ်… အင်း အဲဒါတော့ အဖေလည်းဘယ်သိပါ့မလဲ ၊ သူက အသက်ကြီးပြီဆိုတော့ ကလေးတုန်းကအကြောင်းတွေ မမှတ်မိနိုင်တော့ဘူး။

၁၄နှစ်… အဖေတော့ ထည့်ပြောမနေနဲ့ ၊ သူက ရှေးရိုးသမားကြီး။

၂၁နှစ်… အဘိုးကြီးလား…ထားပါ ၊ အောက်နေပြီ ၊ လုံးဝအောက်နေပြီ။

၂၅နှစ်… အဖေလည်း နည်းနည်းပါးပါးတော့ သိတယ် ၊ မသိလို့လည်း မဖြစ်ဘူးလေ ၊ လူကြီးပဲဟာ။

၃၀နှစ်… အဖေကိုနည်းနည်းပါးပါး မေးမြန်းကြည့်ရင်ကောင်းမယ်ထင်တယ် ၊ ဘာပဲပြောပြော သူက အတွေ့အကြုံ အများကြီး ရှိတယ်။

၃၅နှစ်… အဖေနဲ့တိုင်ပင်ပြီးမှပဲ ဒီကိစ္စအတွက်ငါတစ်ခုခုလုပ်နိုင်မယ်။

၄၀နှစ်… အဖေသာဆိုရင် ဒီကိစ္စ ဘယ်လို ဖြေရှင်းမလဲ မသိဘူး ၊ အဖေက အတွေ့အကြုံ စုံတယ် ၊ အမြော်အမြင်လည်း ရှိတယ်။

၅၀နှစ်… ဒီကိစ္စအခုနေသာ အဖေနဲ့ တိုင်ပင်ခွင့်ရမယ်ဆိုရင် ဘယ်လောက်ပေးရပေးရ ငါပေးပါတယ်။ အဖေ့အရည်အချင်းတွေ သူရှိတုန်းက ကောင်းကောင်း သတိမထားခဲ့မိတာ သိပ်နှမြောစရာကောင်းတယ် ၊ တကယ်ဆိုငါ အဖေ့ဆီက အများကြီး ရလိုက်ဖို့ကောင်းတယ်။

[မူရင်း။ ။ Ann LandersMy Father When I Was…]

ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

Tuesday, April 1, 2008

အတွေးကတ်ပြား

ဒီစာအုပ်ကိုစာရေးဆရာကြီး 'ဖေမြင့်' ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

အတွေးကတ်ပြား


လူတစ်ယောက်ထံမှ အစစအရာရာ
သိမ်းပိုက်သွားနိုင်သော်လည်း
တစ်ခုကိုမှု ယူ၍မရ။
ယင်းကား ၊ လူ့လွတ်လပ်ခွင့်တို့အနက်
အရင်းခံအကျဆုံးဖြစ်သည့်
‘မိမိလမ်းကို မိမိရွေးချယ်ပိုင်ခွင့်’ ဖြစ်ပေသည်။
[ဗစ်တာ ဖရန်ကဲလ်]

ကောလိပ်ရောက်စ နှစ်များတုန်းကမှု ကျွန်တော်ကမကျေနပ်စိတ် ဒေါသစိတ်တွေ များနေသည့် လူငယ်တစ်ယောက်ဖြစ်ပါသည်။ ကျွန်တော့်ဒေါသက အရပ်ရပ်သို့ ပျံ့နှံ့နေသည်။ လောကကြီးထဲမှာ ကျွန်တော်ဘာကိုမှ မကျေနပ်ချင်ပါ။ ကျွန်တော့်ဒေါသက နေရာတစ်ခုမှာ စုပြုံကျရောက်နေတာလည်း ရှိသည်။ အဲဒါက မိဘများဖြစ်သည်။ မိဘတွေကို ကျွန်တော် သဘောမကျပါ။ အဖေ့သြဝါဒတွေ ၊ လမ်းညွှန်တာ သွန်သင်တာ ဆုံးမတာတွေအတွက် ကျွန်တော် အမြဲဒေါသထွက်နေရသည်။

မိဘက ငွေကြေးမပြည့်စုံတော့ ကျွန်တော် နီးနီးနားနားက ကောလိပ်ကျောင်းကိုပဲ တက်နိုင်သည်။ ကျောင်းသွားတော့လည်း နေ့တိုင်း ဘတ်စကားနှင့် ပဲသွားရသည်။ တစ်နေ့မှာတော့ အဖေနှင့် ကျွန်တော် အကြီးအကျယ် စကားများသည်။ ကျွန်တော့်စိတ်တွင် ကျွန်တော့်ကို အဖေချုပ်ချယ်လွန်းသည်ဟု ထင်နေသည်။ ကျွန်တော် အချုပ်ချယ်တွေက ရုန်းထွက်ချင်နေသည်။ အဖေက ကျွန်တော် လူကြီးကိုမလေးစား ၊ ပုန်ကန်ချင်သည်ဟုမြင်သည်။ ဖိဖိစီးစီး ကိုင်တွယ်မှ ဖြစ်မည်ဟု သဘောထားသည်။ အဲသည်တော့ နှစ်ယောက်လုံး အော်ကြီးဟစ်ကျယ်တွေနှင့် ပေါက်ကွဲကြတော့သည်။ ကျွန်တော် အိမ်ကဆူပူအော်ဟစ်ပြီး ထွက်လာတော့ကျောင်းကားက သွားနှင့်ပြီ။ နောက်တစ်စီး စောင့်မည်ဆိုလျှင် ‘ပညာရေး’ အတန်းကို မီမှာမဟုတ်တော့။ ကျွန်တော် အဲသည်မှာ ပို၍ပင် စိတ်တိုလာသည်။

လမ်းတစ်လျှောက် ရှူးရှူးရှဲရှဲ ဒေါသထွက်လိုက် ၊ တဟင်းဟင်း သက်ပြင်းချလိုက်နှင့် ကျွန်တော် ကျောင်းသို့ရောက်လာသည်။ စိတ်ထဲမှာ အဖေနှင့်ပတ်သက်သည့် ဒေါသတွေးတွေ တစ်လျှောက်လုံး သွန်ချလာသည်။ မြီးကောင်ပေါက်အရွယ် လူငယ်အတော်တော်များများနည်းတူ ကျွန်တော့်အတွေးတွေက ကိုယ့်သဘော ကိုယ့်ဆန္ဒတွေချည်း ကြီးစိုးလွန်းနေသည်။ လောကကြီးမှာ ကျွန်တော့်အဖေလောက်ဆိုးသည့် အဖေမျိူး တစ်ယောက်မျှ ရှိမည်မဟုတ် ၊ ကျွန်တော့်လို မတရား ချုပ်ချယ်ခံရ သည့် အနေအထားမျိုးလည်း ဘယ်သူမျှ ကြုံဖူးကြလိမ့်မည်မဟုတ် ၊ ပြီး ကျွန်တော့်အဖေသည် အထက်တန်းကျောင်းထွက်စာမေးပွဲလောက်ပင် မအောင်မြင်ခဲ့ ၊ ကျွန်တော်တော်က ကောလိပ်ကျောင်းသား ၊ သူ့ထက်အများကြီးပညာတတ်သည် ၊ ဒါတောင်မှပင် ကျွန်တော့်ဘ၀ ကျွန်တော့်အစီအစဉ်တွေမှာ နေရတကာ ဝင်ပါချင် ၊ လိုက်နှောင့်ယှက်ချင်နေသည် ၊ စသဖြင့်။

ကျယ်ဝန်းသော ကျောင်းဝင်းကို ဖြတ်သန်းကာစာသင်တန်းရှိသည့် အဆောက်အုံဆီသို့ အပြေးအလွှားသွားရင်း ရုတ်တရက် တစ်စုံတစ်ခုကို သတိရသည်။ သည်ကနေ့ပေးရမည့် ‘အတွေးကတ်ပြား’ အဆိုင်းမင့်အတွက် ကျွန်တော်ဘာမှ မလုပ်ခဲ့ရသေး။

သည်အတန်းက ဒေါက်တာ ဆစ်ဒနီဘီဆိုင်မွန်၏ အတန်းဖြစ်သည်။ ဒေါက်တာဆိုင်မွန်က ကျွန်တော်တို့ကျောင်းမှာ အထူးခြားဆုံး ဆရာတစ်ယောက်ဖြစ်သည်။ သူ့ပေါ်လစီတွေ လုပ်ထုံးလုပ်နည်းတွေက လုံး၀ တစ်ဘာသာ။ သင်ကြားပုံ သင်ကြားနည်းတွေက တစ်ခါမှ မကြုံတွေ့ဖူးသည့် အသစ်အဆန်းတွေဖြစ်သလို ၊ အမှတ်ပေးစနစ်ကလည်း အံ့သြဖွယ်ရာပင်။ ဒေါက်တာဆိုင်မွန် အကြောင်းကို လူတိုင်းက ပြောကြသည်။

သူ့ထံ ပထမဆုံး အတန်းတက်ရသည့်နေ့တွင်ဒေါက်တာဆိုင်မွန်က သင်ခန်းစာအစီအစဉ် တစ်ခုရှင်းပြသည်။ “အင်္ဂါနေ့တိုင်း လေးလက်မ ခြောက်လက်မအရွယ် အညွှန်းကတ်ပြားတစ်ခုစီ ယူခဲ့ကြပါ ၊ ကတ်ပြားရဲ့ ထိပ်မျဉ်းကြောင်းမှာ နာမည်နဲ့ နေ့စွဲရေးပါ ၊ အောက်မှာ ဘာရေးမလဲဆိုတာတော့ တစ်ဦးချင်းသဘောပဲ။ အတွေးတစ်ခုရေးနိုင်တယ် ၊ ကိုယ် စိုးရိမ်ပူပန်တာရေးနိုင်တယ် ၊ ခံစားချက်ရေးနိုင်တယ် ၊ မေးခွန်းတစ်ခုခု ရေးနိုင်တယ် ၊ ဒါမှမဟုတ် ဘာဖြစ်ဖြစ် ခေါင်းထဲပေါ်လာတဲ့ တစ်ခုခုကို ရေးလိုက်နိုင်တယ်။ အဲဒါဟာမင်းတို့နဲ့ ဆရာနဲ့ကြား တိုက်ရိုက်ဆက်သွယ်တဲ့ နည်းတစ်ခုပဲ။ ဒီကတ်ပြားတွေဟာ လုံး၀ ‘လျှို့ဝှက်’ ဖြစ်တယ် ၊ ဗုဒ္ဓဟူးနေ့တိုင်း ဒါတွေပြန်ပေးမယ် ၊ ကတ်ပြားပေါ်မှာ မင်းတို့ရေးလိုက်တာတွေနဲ့ ပတ်သက်တဲ့ ဆရာ့ရဲ့ မှတ်ချက်တွေ ပါလာလိမ့်မယ် ၊ မေးခွန်းမေးသူကို ဆရာ အတတ်နိုင်ဆုံး ကြိုးစားပြီး ဖြေမယ် ၊ ကိုယ်စိုးရိမ်ပူပန်တဲ့ကိစ္စ ဖော်ပြလာသူကိုလည်းပဲ အလားတူဆရာအလေးအနက် တုံ့ပြန်မယ်။ အရေးကြီးတဲ့ အချက်ကဒီကတ်ပြားဟာ အင်္ဂါနေ့အတန်းတက်ဖို့အတွက်ဝင်ခွင့်လက်မှတ်ဖြစ်တယ်ဆိုတာ မမေ့ကြဖို့ပဲ”

ပထမအင်္ဂါနေ့မှာ ကျွန်တော် တာဝန်ကျေပွန်စွာအညွှန်းကတ်ပြားယူလာသည်။ ကတ်ပြားထိပ်မှာ ကျွန်တော့်နာမည်နှင့် အဲသည်နေ့ နေ့စွဲကို ကျကျနနရေးထားပြီး အောက်ဘက်တွင် “အရောင်ပြောင်တိုင်းလဲ ရွှေမဟုတ်” ဟူသော စာတစ်ကြောင်း ရေးလိုက်သည်။ နောက်တစ်နေ့မှယ ဒေါက်တာဆိုင်မွန်က အတန်းသားတွေကိုကတ်ပြားများ ပြန်ပေးသည်။ ကျွန်တော့်ကတ်ပြားတွင်ခဲတံနှင့် ရေးထားသော မှတ်ချက်တစ်ခု ပါလာသည်။ “ဒီစကားပုံက မင်းအတွက် ဘာအဓိပ္ပာယ် ထွက်သလဲ ၊ ထူးခြားချက် တစ်စုံတစ်ရာရှိသလား”

မှတ်ချက်ကိုဖတ်ကာ ကျွန်တော့်စိတ်ထဲ စနိုးစနှောင့် ဖြစ်သွားသည်။ သူက သည်ကတ်ပြားတွေကိုတကယ်အလေးအနက် လုပ်နေသည်ပဲ။ ကျွန်တော်ကတော့ ရင်ထဲရှိနေတာတွေကို သူ့ထံ လုံးဝဖွင့်ဟချင်စိတ်မရှိ။

နောက်ရက်တွေ ရောက်လာသည်။ သည်အတန်းက တစ်ရက်တစ်နာရီ နေ့တိုင်းရှိသည်။ ဒေါက်တာဆိုင်မွန်က တကယ်ထက်မြက်သော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်တို့အား မေးခွန်းတွေ မေးသောနည်းဖြင့် သင်ကြားသည်။ အရင်တုန်းက ဘယ်ဆရာထံကမှ မကြားခဲ့ရဘူးသည့် ပြဿနာတွေ ၊ အရေးကိစ္စတွေ သူ ဖော်ထုတ်ကာ ကျွန်တော်တို့အား ဆွေးနွေးခိုင်းသည်။ ပြဿနာကို ကိုယ်တိုင်စဉ်းစားဖြစ်အောင်ဆွပေးသည်။ ပေါ့ပေါ့တန်တန်မဟုတ် အလေးအနက်စဉ်းစားစေခြင်း ဖြစ်သည်။ လူမှုရေးပြဿနာ ၊ နိုင်ငံရေးပြဿနာ ၊ တစ်ဦးချင်းဆိုင်ဂာ ပြဿနာ အားလုံးသည်ပင် ကျွန်တော်တို့ အတန်းအတွက် ဆွေးနွေးစရာသင်ခန်းစာတွေချည်းဖြစ်သည်။ ကျွန်တော်တို့ အတန်းသည် လူမှုရေးရာဘာသာရပ်များ သင်ကြားပို့ချပုံနည်းနာများအကြောင်း လေ့လာသော အတန်းဖြစ်ရာလေ့လာမှုနယ်ပယ်က အလွန်ကျယ်ဝန်းသည်။ ကျွန်တော် အထက်တန်းကျောင်းမှာတုန်းကလည်း လူမှုရေးရာဘာသာများဖြစ်သော ပထဝီ ၊ သမိုင်း ၊ စီးပွားရေးပညာ အစရှိတာတွေ သင်ခဲ့ရဖူးသည်။ ဆရာ ဆရာမ များက သည်ဟာတွေကို ကျက်စာဘာသာများအဖြစ်သဘောထားကြသည်။ သူတို့ထဲမှာပါသည့် အမည်တွေ ၊ ခုနှစ်သက္ကရာဇ်တွေ ၊ နံပါတ်စဉ်ထိုး၍ ပေးထားသည့် အချက်အလက်တွေကို အလွတ်ရအောင်ကျက် ၊ စာမေးပွဲမှာ မေးလာသည့်အခါ အားလုံးပြန်ချရေး ၊ ဒါပဲဖြစ်သည်။ သူတို့အထဲက အကြောင်းအချက်တွေနှင့် ပတ်သက်ပြီးစဉ်းစားဝေဖန်ဖို့ ဘယ်သူကမှ ခိုင်းလေ့မရှိခဲ့။

အစပိုင်း၌ ကျွန်တော့်စိတ်တွင် ဆရာဆိုင်မွန်ကကျွန်တော်တို့ကို သည်ပြဿနာရပ်တွေနှင့် ပတ်သက်၍ထောက်ခံသည့်ဘက်ကအမြင်တွေ သို့မဟုတ် ဆန့်ကျင်ကန့်ကွက်သည့် ဘက်ကအမြင်တွေ ခေါင်းထဲရိုက်ထည့်ပေးဖို့ ကြိုးစားနေတာမျာလားဟု ထင်မြင်မိသေးသည်။ သို့သော် ဆရာက သည်လိုပုဂ္ဂိုလ်မျိုး မဟုတ်ပါ။ ကျွန်တော်တို့ ကိုယ့်ဘာသာ စဉ်းစားတတ်ဖို့ ၊ ပြီး အဲသည်ကမှ ကိုယ်ပိုင်အတွေးအမြင် အယူအဆများ ကိုင်စွဲရရှိလာစေဖို့ သူ တိုက်တွန်း အားပေးနေခြင်းသာ ဖြစ်သည်။ သို့သော် ပွင့်ပွင့်လင်းလင်းပြောရလျှင် သည်အတန်းတက်ရတာ ကျွန်တော် အတော် ကသိကအောင့် ဖြစ်ပါသည်။ စင်စစ် ၊ ဆရာဆိုင်မွန် သင်ကြားပုံက အသစ်အဆန်းဖြစ်၍ ငြီးငွေ့ဖွယ်မရှိဟု ဆိုနိုင်သည်။ သဘောကျချင်စရာ၊ တစ်ခါတစ်ရံ တက်တက်ကြွကြွ ပါဝင်ချင်စရာလည်းဖြစ်ပါသည်။ သို့သော်သည်သင်ကြားပုံမျိုး မကြုံဘူးသည့် ကျွန်တော့်မှာ ဆရာဆိုင်မွန်ကို ဘယ်လိုပုံစံပြန်လည်တုံ့ပြန် ဆက်ဆံမည်ဟူသော ဗျူဟာတစ်ရပ် ချမှတ်နိုင်ခြင်းမရှိ ဖြစ်နေသည်။ ပုံမှန်အတန်းမှာ အကောင်းဆုံး ဘယ်လို နေထိုင်ရမည်ဆိုတာ ကျွန်တော်သိသည်။ ရှေ့ဆုံးတန်းမှာထိုင်၊ ဆရာ့လက်ချာကို အရမ်းသဘောကျကြောင်းပြော၊ အဆိုင်းမင့်တွေကို ဆရာပြောသည့်ပုံစံအတိုင်း တိတိကျကျ သပ်သပ်ရပ်ရပ် ရိုက်ပြီးတင်၊ ပြီးလျှင် စာတွေ အလွတ်ကျက် ၊ အလွတ်ကျက် ၊ အလွတ်ကျက်။ ယခု ဆရာ့အတန်းကတော့ လုံးဝတခြားစီ ဖြစ်နေသည်။ အရင်အစဉ်အဆက် ကျွန်တော် သုံးစွဲအောင်မြင်လာခဲ့သည့် နည်းတွေ သည်နေရာမှာ သုံးမရဖြစ်နေသည်။

ဒုတိယအင်္ဂါနေ့ ရောက်လာပြန်သည်။ ကျွန်တော်က ကတ်ပြားပေါ်မှာ “အချိန်မီတစ်ချက်ချုပ်လျှင် ရေညှိမတင်” ဟု ရေးလိုက်သည်။ (“အချိန်မီတစ်ချက်ချုပ်လျှင် ကိုးချက်ချုပ်ရ သက်သာသည်” နှင့် “လိမ့်နေသော ကျောက်ခဲရေညှိမတင်” ဟူသော စကားပုံနှစ်ခုကို ဖြတ်ဆက်ပေးထားခြင်းဖြစ်သည်။) ဒါကလည်း ဆရာ့ကို ပြည့်ပြည့်၀၀ ကိုးစားယုံကြည်ခြင်း မရှိသဖြင့် ဟာသကလေးနှင့် ကိုယ့်ကိုကိုယ် ဖုံးထားကာထားလိုက်ခြင်းဖြစ်သည်။ ကျွန်တော်ရင်းရင်းနှီးနှီး အရောတဝင် မဆက်ဆံချင်သည့် အခါမျိုးမှာ ကျင့်သုံးလေ့ရှိသည့် ကျွန်တော်၏ အကောင်းဆုံး ကာကွယ်ရေးနည်းလမ်းတစ်ရပ်လည်း ဖြစ်ပါသည်။ နောက်နေ့ကတ်ပြားပြန်ရသည့် အခါမှာတော့ “မင်းကြည့်ရတာ ဟာသဉာဏ်ရှိပုံ ရတယ်၊ အဲဒါဟာ မင်းအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ရပ်ပဲလား” ဟူသော မှတ်ချက်တစ်ခုပါလာသည်။

သူဘာကိုလိုချင်သလဲ။ အခုလုပ်နေတာ ဘာသဘောလဲ။ မူလတန်းကျောင်းမှ စတင်ကာ ယနေ့အထိ ကျွန်တော့်အား ကိုယ်ရေးကိုယ်တာတွေပါ လိုက်စိတ်ဝင်စားသည့် ဆရာ ဆရာမ တစ်ယောက်မျှ မကြုံဘူးပါ။ သည်ဆရာ ဘာကိုအလိုရှိသလဲ။

ကျွန်တော် စာသင်ဆောင်ထဲ အပြေးအလွှားဝင်လာခဲ့သည့်အချိန် အတန်းစတာ ၁၀ မိနစ်ခန့်ရှိနေပြီ။ အခန်းပြင်ဘက်နားလေးမှာ ကျွန်တော်မှတ်စုစာအုပ်ထဲက အညွှန်းကတ်ပြာတစ်ခု ထုတ်ယူသည်။ နာမည်နဲ့ နေ့စွဲရေးသည်။ အဲသည်နောက် ဘာအတွေး ရေးရမလဲ အသည်းအသန်စဉ်းစားသည်။ သည်အခါ စောစောက အဖေနှင့် ရန်ဖြစ်ခဲ့သည့် အကြောင့်တစ်ခုပဲ ခေါင်းထဲပေါ်လာသည်။ “ကျွန်တော်သည် လုံးဝအသုံးမကျသော သူတစ်ယောက်၏ သားဖြစ်သည်” ဟု ရေးချလိုက်ပြီး အခန်းထဲ အလျှင်အမြန်ဝင်ခဲ့သည်။ ဆရာက ဝင်ပေါက်အနီးမှာပဲ ရပ်ကာ အကြောင်းအရာတစ်ခုကို ဆွေးနွေးပြောဆိုနေခိုက်ဖြစ်သည်။ ကျွန်တော့်ကို မြင်တော့ ကတ်ပြားလှမ်းတောင်းသည်။ ကျွန်တော် သူ့လက်ထဲ ကတ်ပြားထည့်ပေးလိုက်ပြီး ကျွန်တော့်နေရာမှာ ဝင်ထိုင်သည်။

နေရာမှာ ထိုင်မိသည်နှင့် တစ်ပြိုင်နက် ကျွန်တော် အကြီးအကျယ် တုန်လှုပ်ချောက်ချားသွားသည်။ ငါ ဘာတွေလုပ်မိလိုက်ပါလိမ့်။ ကတ်ပြားကို ပေးလိုက်မိပြီ။ အဲဒါ အကြီးအကျယ် ပြသာနာ။ သည်ကိစ္စဖွင့်ပြောဖို့ ကျွန်တော်လုံးဝစိတ်ကူးမရှိခဲ့။ ယခုတော့ ကျွန်တော့်ဒေါသ အာဃာတတွေ သူသိသွားတော့မည်။ ကျွန်တော့်အဖေအကြောင်း ကျွန်တော့်ဘဝအကြောင်းတွေ သူသိသွားတော့မည်။ အဲသည်နေ့ အတန်းထဲက တစ်ခြားကိစ္စတွေ ကျွန်တော် ဘာတစ်ခုမှသတိမရ။ ကျွန်တော့်ခေါင်းထဲ ကြီးစိုးနေသည်က ကတ်ပြားကိစ္စသာပဲဖြစ်သည်။

အဲသည်ည တစ်ညလုံးပင် အမျိုးအမည်မဖော်ပြနိုင်သည့် တုန်လှုပ်ချောက်ချားမှုတစ်ခုကြောင့် ကျွန်တော် အိပ်မရနိုင်ခဲ့။ သည်ကတ်ပြားတွေက ဘာအဓိပ္ပာယ်လဲ။ ဘာရည်ရွယ်ချက်လဲ။ ငါ ဘာကြောင့် အဖေ့အကြောင်း သူ့ကိုသွားပြောလိုက်မိသလဲ။ တကယ်လို့ သူသာ အဖေကို ဆက်သွယ်စကားပြောခဲ့ရင် ဘယ့်နှယ်လုပ်မလဲ။ ဒါတွေ သူနဲကော ဘာဆိုင်သလဲ။ သူများကိစ္စတွေ သူဘာပတ်သက်စရာလိုသလဲ…။

ဗုဒ္ဓဟူးမနက် ရောက်လာသည်။ စိတ်မဖြောင့် တဖြောင့်နှင့်ပင် ကျောင်းသွားဖို့ ကျွန်တော်ပြင်သည်။ အတန်းထဲ ကျွန်တော် အချိန်စောစီးစွာ ရောက်လာသည်။ အတန်းထဲမှာ နောက်ဘက်အဝေးဆုံးထိုင်ကာ အတတ်နိုင်ဆုံး ပုန်းလျှိုချင်စိတ် ပေါက်နေသည်။ အတန်းစသည်။ ဒေါက်တာဆိုင်မွန်က အတွေးကတ်ပြားတွေ ပြန်လိုက်ပေးသည်။ ကျွန်တော့်ကတ်ပြားကို စားပွဲပေါ်တွေ မှောက်လျက်ချသွားသည်။ ဒါလည်း သူ့ထုံးစံပဲ ဖြစ်သည်။ ကတ်ပြားကို ကျွန်တော်ကောက်ကိုင်လိုက်သည်။ သို့သော် လှန်ရပင် ခက်နေသည်။

ကတ်ပြားကိုကြည့်မိသည့်အခါမှာတော့ သူရေးထားသောစာကို ဖတ်မိသည်။ “လုံးဝအသုံးမကျသော သူရဲ့သားက အနာဂတ်ကာလ သူ့ဘဝအတွက် ဘာတွေ လုပ်နေပါသလဲ” တဲ့။

ကျွန်တော် လုံး၀ အရှိုက်ထိုးခံလိုက်ရသလို ဖြစ်သွားသည်။ တစ်နေ့တစ်နေ့ ကျွန်တော် ကျောင်းသားသမဂ္ဂလက်ဖက်ရည်ဆိုင်မှာ အခြားသူငယ်ချင်းများနှင့်အတူ တမေ့တမောထိုင်ကာ ‘ကျွန်တော့်မိဘတွေကြောင့်’ ပေါ်ပေါက်လာရသည့် ကျွန်တော့်ပြဿနာတွေ အကြောင်းပြောဆိုလေ့ရှိခဲ့သည်။ သူတို့ကလည်း အလားတူအကြောင်းအရာတွေ ကျွန်တော်နှင့် ပြန်လည် မျှဝေကြစမြဲ ဖြစ်သည်။ ဘယ်သူကမှ ဘယ်သူ့ကို ကိုယ့်ကိစ္စ ကိုယ်တာဝန်ယူဖို့ ကောင်းသည့်အကြောင်း ပြောလေ့မရှိခဲ့။ တကယ်က ကျွန်တော်တို့အားလုံးပင် မိဘကို အပြစ်ပုံချသောအလုပ်ကို တညီတညွှတ်လုပ်ကာ ရေသာခိုနေခြင်းဖြစ်သည်။ ပြဿနာမှန်သမျှသည် ကျွန်တော်တို့မိဘတွေ၏ ချို့ယွင်းချက်တွေကြောင့်ချည်း ဖြစ်နေသည်။ စာမေးပွဲမှာ အမှတ်ကောင်းကောင်းမရလျှင် အမေ့ကို အပြစ်တင်မည်။ ထောက်ပံ့ကြေးအလုပ်တစ်ခု ရတော့မလိုနှင့် မရလျှင် အဖေ့ကို အပြစ်တင်မည်။ ကျွန်တော်က မိဘတွေနေရာမကျသည့် အကြောင်းအမြဲပြော၍ အပေါင်းအသင်းတွေကလည်း အရမ်းနားလည်သဘောပေါက်သည့် လက္ခဏာဖြင့် ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်ကြမြဲ ဖြစ်သည်။ ကျွန်တော့်အတွက် ကျောင်းစရိတ်ရှာဖွေပေးနေသည့် မိဘတွေသည် ဘာတစ်ခုမျှ မတတ်မသိဘဲ နေရာတကာလိုက် ပြဿနာရှာနေကြသူများသာ ဖြစ်သည်။

သို့သော် ပါမောက္ခဆစ်ဒနီဆိုင်မွန်၏ အလွန်ရိုးစင်းသလိုထင်ရသော မေးခွန်းက ကျွန်တော်မှုတ်ထားသည့် အဲသည်လေပူဖောင်းကို ထိုးဖောက်ပစ်ခဲ့သည်။ သူက ပြဿနာ၏ သော့ချက်ကို အမိအရ ဆုပ်ကိုင်သည်။ ကိစ္စက ဘယ်သူ့ကိစ္စလဲ။ မင်းပြဿနာကို ဘယ်သူတာဝန်ယူရမှာလဲဟူ၍ တဲ့တိုးမေးချလိုက်ခြင်းပင်။

အဲသည်နေ့က သမဂ္ဂလက်ဖက်ရည်ဆိုင်ဘက်သို့ခြေဦးမလှည့်ဖြစ်တော့ပဲ အိမ်ဆီ တန်းပြန်လာခဲ့သည်။ လူက စိတ်ဓာတ်ကျနေသလိုလို ၊ နည်းနည်းနှိပ်ကွက်ခံထားရသလိုလို ဖြစ်နေသည်။ တစ်ညနေလုံး သည်ကိစ္စကိုပဲ တအုံနွေးနွေး တွေးနေမိသည်။ အမေပြောခဲ့ဖူးသည့် စကားတစ်ခွန်းကိုလည်း အဖန်ဖန် သတိရနေသည်။ “သန်းကြွယ်သူဌေးက သူ့ကိုယ်သူဂုဏ်ဖော်ချင်တဲ့အခါ ‘ကိုယ်ထူးကိုယ်ချွန်သမား’ တဲ့ ၊ အမှုဖြစ်ပြီး အဖမ်းခံရပြီဆိုတဲ့အခါကျတော့ ‘ငယ်ငယ်တုန်းက စရိုက်ကြမ်းတဲ့ မိဘတွေနဲ့ ကြီးပြင်းလာရလို့ပါ’ တဲ့”

ဘဝအတွက် တကယ့်အပြောင်းအလဲကြီးတစ်ရပ်ကို ကျွန်တော် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်ဟု ပြောချင်လှပါသည်။ သို့သော် သည်လိုပြောလျှင်လည်း အတိအကျမှန်မည်တော့ မဟုတ်ပါ။ ဒေါက်တာဆိုင်မွန်၏ မှတ်ချက်က ရေရှည်ဆွဲကာဖြည်းဖြည်းချင်း အာနိသင်သက်ရောက်ခဲ့ခြင်းသာ ဖြစ်ပါသည်။ နောက်ရက်သတ္တပတ်အတန်ကြာအောင် သူ့မှတ်ချက်စကားက ကျွန်တော့်ခေါင်းထဲ ခဏခဏ ပေါ်လာနေသည်။ စိတ်ထဲမှာ ဟိုကိစ္စ သည်ကိစ္စတွေအတွက် အဖေ့အား အပြစ်တင်စကားဆိုမိတိုင်း ကိုယ်တွင်းမှ အသံတစ်သံက “ဟုတ်ပြီ ၊ မင်းပြောတဲ့အတိုင်း မင်းအဖေက ဘယ်နေရာတစ်ခုမှမကောင်းဘူးပဲ ထားပါတော့ ၊ မင်းကကော မင်းကိစ္စအတွက် ဘယ်လောက်ကြာကြာ အဖေကိုချည်း အပြစ်ပုံချပြီး ရှောင်တိမ်းနေနိုင်မယ် ထင်သလဲ” ဟူ၍လှမ်းလှမ်းမေးတာ ကျွန်တော်ကြားနေရသည်။

တဖြည်းဖြည်း ကျွန်တော့်အတွေးတွေ ပြောင်းလဲသထက် ပြောင်းလဲလာခဲ့သည်။ ကျွန်တော့် ပြစ်တင်ဝေဖန်စကားတွေ ပြောလွန်းတာ ကိုယ့်ဘာသာကြားလာသဘောပေါက်လာသည်။ ကျွန်တော့်ဘဝမှာ ကျွန်တော့်ကိုယ်ကျွန်တော် အဓိကပုဂ္ဂိုလ်နေရာက မထားမိပါကလား ၊ ကျွန်တော်သည် ပြုလုပ်သူမဟုတ် အပြုခံ ဖြစ်နေခဲ့ပါကလားဆိုတာကို ကျွန်တော်မြင်လာသည်။ သည်အခါကျတော့ ဒေါက်တာဆိုင်မွန့်အတန်းထဲမှာတုန်းကထက်ပင် ပို၍ မသက်မသာခံစားရသည်။ ကျွန်တော်ရုပ်သေးရုပ်တစ်ရုပ်မဖြစ်ချင်ပါ။ ကိုယ်ကစတင် ပြုလုပ်သူသာဖြစ်ချင်သည်။ သူတပါးလုပ်ရပ်ကို လိုက်၍တုံ့ပြန် လှုပ်ရှားသူမျိုး မဖြစ်ချင်ပါ။

သို့သော် ရင့်ကျက်ဖွံ့ဖြိုးမှုဖြစ်စဉ်က အဆောတလျှင်အလွယ်တကူ မဖြစ်ပေါ်ပါ။ မိမိခံစားမှု ၊ မိမိရွေးချယ်မှုနှင့် မိမိလုပ်ရပ်များအတွက် မိမိဘာသာ တာဝန်ယူတတ်သူတစ်ဦးအဖြစ် ကျွန်တော့်အား လူအများ သတိထားမိလာဖို့ တစ်နှစ်မျှ အချိန်ကြာခဲ့သည်။ ကျောင်းက ဘာသာရပ်တိုင်းမှာပင် ကျွန်တော့်အဆင့်အမှတ်တွေသိသိသာသာ တက်လာသည်။ အပေါင်းအသင်း သူငယ်ချင်းအသစ်တွေ တိုးပွားလာသကဲ့သို့ သူတို့၏အရည်အချင်းတွေလည်း မြင့်မားလှတာ အံ့သြစွာတွေ့ရှိရသည်။ အထူးခြားဆုံးက ကျွန်တော့်အမြင်မှာအဖေအရင်ကထက် အဆမတန် တော်လာနေခြင်းဖြစ်သည်။

သည်ကာလ တစ်လျှောက်လုံးပင် ကျွန်တော်အတွေးကတ်ပြားတွေ ဖြည့်မြဲ ဖြည့်ပေးဖြစ်ခဲ့သည်။ ထူးခြားလှသော သည့်ဆရာထံ၌ နောက်ထပ်အတန်းတစ်တန်း ထပ်တက်သေးသည်။ ကျောင်းနေခဲ့သည့်သက်တမ်းတစ်လျှောက် ဆရာ့အတန်းမှာ ကျွန်တော်အကြိုးစားဆုံးဖြစ်ခဲ့သည်။ အပတ်စဉ်ပေးရသည့် အတွေးကတ်ပြားများနှင့်အတူ ပို၍ အဖြေရခက်သော ပြဿနာမေးခွန်းတွေ ကျွန်တော်ဆက်၍ဆက်၍ ရရှိခဲ့သည်။

နှစ်အတန်ကြာပြီးနောက်မှာတော့ ကျွန်တော့်တိုးတက်မှုက ကျွန်တော့်ဘာသာပင် အံ့အားသင့်ရသလောက်ပင် အနိုင်နိုင်ရှိခဲ့သော ကျွန်တော်သည် ထူးချွန်သော ကျောင်းသားတစ်ဦး ဖြစ်လာပြီး အဲသည်နောက်တွင်မှု အောင်မြင်သော ဆရာတစ်ဦးအဖြစ်ပါ အသိအမှတ်ပြု ခံလာခဲ့ရသည်။ နဂိုက အမြဲမကျေမချမ်းဖြစ်နေပြီး ဘဝအတွက် လုပ်သင့်လုပ်ထိုက်သည့် အလုပ်မှန်သမျှကို အမြဲရှောင်ဖယ်နေခဲ့သော ကျွန်တော်သည် ယခုတော့ ထက်သန်တက်ကြွသူ ၊ ရည်မှန်းချက်ရှိသူ ၊ ရွှင်ပျလန်းဆန်းနေသူတစ်ဦး ဖြစ်လာခဲ့ပြီ။

အဖေနဲ့ ကျွန်တော့်ကြား ဆက်ဆံရေးသည်လည်းအလားတူပင် လုံးလုံးလျားလျားကြီး ပြောင်းလဲသွားခဲ့သည်။ ယခင်က ချုပ်ချယ်သည်ထင်ခဲ့ရာမှ ယခုတော့အဖေကျွန်တော့်အတွက် စိုးရိမ်ပူပန်ခြင်း ၊ ကျွန်တော့်ကိုဂရုစိုက်ခြင်းသာဖြစ်သည်ဟု မြင်လာခဲ့ပြီ။ ကျွန်တော်အားထိန်းကျောင်းပဲ့ပြင်ရန်အတွက် အဖေ့မှာ “ချောမွေ့ပြေပြစ်သော” နည်းလမ်းများ မရှိခဲ့တာ မှန်သော်လည်း စေတနာမေတ္တာအရင်းခံက ကြီးမားလှသည်ဆိုတာ ကျွန်တော်သဘောပေါက်ခဲ့ပြီ။ အဖေနှင့် ရန်ဖြစ်တာတွေ တဖြည်းဖြည်း လျော့လာသည်။ နောက်ဆုံး လုံးဝပျောက်ကွယ်သွားသည်။ အဖေသည် အမြော်အမြင်ရှိ၍ သားသမီးကိုလည်း ချစ်တတ်သော ဖခင်ကောင်းတစ်ယောက်ဖြစ်ကြောင်း ကျွန်တော် ကောင်းစွာ သိနားလည်ခဲ့ပြီ။

သည်အရာအားလုံးပင် အလွန်ရိုးစင်းသလို ထင်ရသည့် ဆရာ့မေးခွန်းတစ်ခုက အစပြုခဲ့ခြင်း ဖြစ်ချေသည်။


[မူရင်း။ ။ Hanoch McCartyThe Thought Card]

ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

နိုင်ငံတကာ အချိန်များ