ပြတင်းပေါက်
ကျွနု်ပ်တို့ စီမံဖန်တီးသည့်အတိုင်း ဖြစ်ရ၏ ။
ယခင်ကလည်း ဤသို့ ၊ နောင်လည်း ဤနှယ်ပင်။
[ဘွားဘွားမိုးဇက်]
တစ်ခါက ဆေးရုံကြီး တစ်ရုံရှိ လူနာခန်းကျဉ်းလေး တစ်ခုထဲမှာ လူနှစ်ယောက်ရှိကြသည်။ နှစ်ယောက်လုံးပင် ရောဂါသည်းသော လူနာများဖြစ်သည်။ အခန်းလေးက ကျဉ်းပြီးအပြင်လောကကို ကြည့်စရာ ပြတင်းပေါက် တစ်ခုသာပါသည်။
လူနာနှစ်ယောက်အနက် တစ်ယောက်က နေ့လယ်ပိုင်း သူ့အဆုတ်ထဲက အရည်တွေ ပိုက်နှင့် စုပ်ထုတ်ရတာကို အကြောင်းပြု၍ တစ်နာရီခန့် ထိုင်ခွင့်ရသည်။ သူ့ခုတင်က ပြတင်းပေါက်အနီးမှာ ရှိနေသည်။ တစ်ဖက်ခုတင်ရှိလူနာကတော့ တစ်ချိန်လုံး ပက်လက်လှန်ကာစန့်စန့်ကြီး လှဲနေရသည်။
နေ့လယ်ခင်းတိုင်း ပြတင်းပေါက်အနီးရှိလူနာက ခုတင်မှာ ခေါင်းအုံးတွေ ဘာတွေဆင့်ကာ ကျောမှီ၍ ထိုင်ခွင့်ရသည့်အချိန် အပြင်ဘက်ဆီ၌ သူ လှမ်းမြင်ရသည့် အရာတွေကို အနီးရှိလူအား ပြောပြလေ့ရှိသည်။ ပြတင်းပေါက်က လှမ်းကြည့်လျှင် အပြင်မှာ ပန်းခြံကြီးတစ်ခု မြင်ရသည်ဟုဆိုသည်။ အဲသည်အထဲမှာ ရေကန်ကြီး တစ်ကန်ရှိသည်။ ရေကန်မှာ ဘဲတွေ ငန်းတွေရေကူးနေသည်။ ကလေးများက သူတို့ကို ပေါင်မုန့်တွေပစ်ကျွေးကြသည်။ ကလေးအချို့က လှေကလေးတွေ မျှောနေသည်။ ချစ်သူစုံတွဲတွေ သစ်ပင်ကြီးများအောက် လက်ချင်းတွဲပြီး လမ်းလျှောက် နေကြသည်။ ပန်းတွေကဝေေ၀ဆာဆာပွင့်နေသည်။ မြက်ခင်းစိမ်းစိမ်းက အပြန့်ကျယ် လှသည်။ အဲသည်မှာ ဘောလုံးပျော့ (ဆော့ဖ်ဘော) ကစားနေကြသူတွေလည်း မြင်ရသည်။ ဟိုအဝေးဆီ၌မှု သစ်ပင်တွေထိပ်ဖျားမှ ထိုးထွက်နေသည့် တိုက်တာအိမ်ရာများ။ ထို့နောက်၌ ပြာလဲ့သော မိုးကောင်းကင်။ ပက်လက်လှန်နေရသောသူသည် တစ်ဖက်လူ ခရေစေ့တွင်းကျ ပြောပြသမျှကို နားစွင့်ကာကိုယ်တိုင်ကြည့်ရသလောက် အရသာတွေ့လျက်ရှိသည်။ ကလေး တစ်ယောက် ရေထဲလိမ့်ကျတော့မလို ဖြစ်သွားတာ ၊ နွေရာသီဝတ်စုံသစ်တွေနှင့် မိန်းကလေးတွေ အရမ်းလှပနေကြတာ စသဖြင့် အပြင်လောကမှာဖြစ်ပျက်နေပုံ အလုံးစုံကို သူ့အာရုံထဲ အသေးစိတ် မြင်ခွင့်ရနေသည်။ သည်လိုနေရင်း သာယာသောနေ့လယ်ခင်းတစ်ခုမှာ သူ့ခေါင်းထဲ အတွေးတစ်ခု ဝင်လာသည်။ တစ်ဖက်လူကတော့ ပြတင်းပေါက်နားမှာနေပြီး အပြင်လောကရှုခင်းအစုံကို စိတ်တိုင်းကျကြည့်ခွင့်ရနေသည် ၊ မိမိကိုတော့ ဘာကြောင့် အဲသည် နားထားမပေးသလဲ ဟူသောအတွေးဖြစ်သည်။ သည်လို သေးသေးသိမ်သိမ် တွေးမိခြင်းအတွက်လည်း သူရှက်တော့ရှက်မိသည်။ သို့သော်သည်အတွေးကို ဖျောက်နေသည့်ကြားကပင် နေရာချင်း လဲချင်စိတ်က ပြင်းပြသထက် ပြင်းပြလာသည်။ ဘယ်နည်းနဲ့ဖြစ်ဖြစ် လဲရမှဖြစ်မယ်ဆိုတာမျိုးအထိ သူ တွေးမိလာသည်။ တစ်ညမှာတော့ သူမျက်နှာကြက်ကို ငေးကြည့်နေစဉ် တစ်ဖက်လူ ရုတ်တရက်နိုးလာကာချောင်းဆိုးသည်။ ချောင်းဆိုးရင်း သီးလာသည်။ သူနာပြုဆရာမကို အရေးပေါ် ခေါ်သည့် အချက်ပေးခလုတ်ကို နှိပ်ရန် လက်ကစမ်းတဝါးဝါးလိုက်ရှာသည်။ သို့သော် သူမလှုပ်ရှား။ တစ်ဖက်လူ အသက်ရှူသံရပ်သွားသည်အထိ ငြိမ်၍ပင် စောင့်ကြည့်နေသည်။ နောက်နေ့မနက်မှာ သူနာပြုဆရာမက တစ်ဖက်လူသေဆုံးနေကြောင်း တွေ့ရှိကာ အလောင်းကိုတိတ်ဆိတ်စွာပင် သယ်ယူသွားသည်။ ဣန္ဒြေမပျက်လောက်ဘူးဟု ထင်ရသော အချိန်လောက်တွင် ကျန်ရစ်သူက သူ့အားပြတင်းပေါက်အနီးရှိ ခုတင်သို့ ပြောင်းပေးနိုင်မလား မေးသည်။ သို့နှင့် ပြောင်းပေးကြသည်။ သက်သောင့်သက်သာအရှိဆုံး ဖြစ်အောင် နေရာချပေးသည်။ သပ်သပ်ရပ်ရပ်ပြင်ဆင်ထားသိုပေးသည်။ သူနာပြုတွေ ထွက်သွားသည်နှင့်တစ်ပြိုင်နက် တံတောင် တစ်ဖက်ပေါ်တွင် အားပြုကာ သူကြိုးစား၍ ထသည်။ နာကျင်မှုဝေဒနာကို ကျိတ်မှိတ်ခံကာ သူ့ကိုယ်သူ ခဲယဉ်းပင်ပန်းစွာ ထူမပြီး ပြတင်းပေါက်မှ အပြင်သို့လှမ်းကြည့်သည်။ အပြင်၌ နံရံတံတိုင်းတစ်ခုသော သူမြင်ရလေသည်။


2 comments:
ကိုယ်သာ စိတ်ယုတ်မာ မွေးမိတဲ့ လူနာနေ ရာမှာ ဆိုရင်တော့ နံရံ ကြီးကိုတွေ့ မိတဲ့အချိန် မှာ ကိုယ့် လုပ်ရပ် အတွက် ဟို တခြားလူရဲ့ စေတနာ တွေ အတွက် အရမ်းကို ခံစားရမှာဘဲ...။
ဒီအပုဒ်လေးကိုလည်း ကိုယ်မှတ်မိသေးတယ်ညီလေး လူနှစ်ယောက်ရဲ့ optimist ဖြစ်ပုံနဲ့ pessimist ဖြစ်ပုံကို ရှင်းရှင်းလေးပြသသွားတဲ့ အပုဒ်ပဲ...။ အတတ်နိုင်ဆုံး အကောင်းမြင်နိုင်အောင်ကိုယ်တို့ကြိုးစားကြတာပေါ့ :)
Post a Comment