Monday, April 14, 2008

‘၁’ ဂဏန်းလေးရဲ့ရွေးချယ်မူ့

ဟိုးရှေးရှေးတုန်းကပေါ့ဗျာ ‘၁’ လေးတစ်ကောင်တည်းလမ်းလျှောက်ထွက်ရင်း ဘဝလက်တွဲဖော်လိုက်ရှာတယ်ပေါ့ဗျာ။ ဒီလိုနဲ့လျှောက်လာရင်း လမ်းမှာအရင်ဆုံး စတွေ့တာကတော့…

သူနဲ့တူတဲ့ ‘၁’ လေးကိုစတွေ့တယ်။
အဲဒီမှာ အဖော်ရှာထွက်လာတဲ့ ‘၁’ လေးကို လမ်းမှာတွေ့တဲ့ ‘၁’ လေးက “မင်း နဲ့ ငါ နဲ့ပေါင်းဖြစ်ရင် ‘နှစ်’နှစ်ကာကာ နဲ့ မြတ်နိုးပါမယ်” တဲ့။ ပထမ ‘၁’ လေးက “စဉ်းစားပါရစေဦး” ဆိုပြီးထပ်ထွက်လာတယ်။

‘၂’ နဲ့ ထပ်တွေ့တယ်။ ‘၂’ လေးကလဲ ဒီလိုဆိုပါတယ်။ “မင်းနဲ့ငါနဲ့ပေါင်းဖြစ်ရင် ‘သုံး’ လို့မကုန်တဲ့စည်းစိမ်းတွေပုံပေးပါမယ်” တဲ့။ ဒါနဲ့ ‘၁’ စောစောကလိုပဲ “စဉ်းစားပါရစေ” ဆိုပြီးထွက်လာပြန်ရော။

‘၃’ နဲ့ ထပ်တွေ့တယ်။ ‘၃’ လေးကလဲ ဒီလို တော်ကီပစ်တယ်ဗျ။ “မင်းနဲ့ငါနဲ့ပေါင်းဖြစ်ရင် မင်းကို ‘လေး’လေးနက်နက် နဲ့ တသက်လုံးချစ်သွားပါမယ်” တဲ့။ ‘၁’ ကလဲထုံးစံအတိုင်း စဉ်းစားမယ်ပေါ့ဗျာ။

‘၄’ နဲ့ တွေ့ပြန်ရော။ ‘၄’ ကတော့ဘာမှမပြောဘူးဗျ။ ‘၁’ လေးစဉ်းစားတာက ဒီလူနဲ့ပေါင်း ရင် ရေလိုက်‘ငါး’လိုက်ပဲနေမယ့်လူစားမျိုးလို့ကောက်ချက်ချတယ်။ ဒါနဲ့ ‘၁’ လေးခရီးထပ်ဆက်တယ်။

‘၅’ နဲ့ တွေ့တယ်။ ‘၅’ကလူရိုးလေးဗျ။ သူ့ကို ‘၁’ ကဒီလိုကောက်ချက်ပေးတယ်။ အင်းသူ့နဲ့ပေါင်းရင်တော့ သူလေးက ‘ခြောက်’ ပြစ်ကင်းသဲလဲစင် လေးပဲဆိုပြီး စိတ်ထဲမှာ မှတ်ပြီး နောက်ထပ်လေ့လာကြည့်ဦးမယ်ဆိုပြီး ထွက်လာပြန်ရော။

‘၆’ နဲ့ တွေ့ပြန်တယ်။ ‘၆’ ကိုတွေ့တော့ ။ အင်းဒီလူနဲ့ပေါင်းရင်တော့ ဘာမှဖြစ်လာမှာဟုတ်ဘူးတဲ့ အ‘၇’ပဲရှိတယ်တဲ့ အဲလိုစိတ်ထဲကနှိမ်ပြီးထွက်သွားပြန်ရော။

‘၇’ နဲ့ တွေ့တယ်။ ‘၇’ ကိုလဲမနှစ်သက်ဖူးဗျ။ သူနဲ့ပေါင်းရင်တော့ ငါ့ဘဝတော့ ချီး(၈=shit)တွင်းထဲ မှာနေရသလိုပဲနေမှာတဲ့။

‘၈’ နဲ့ ထပ်တွေ့ပြန်တယ်။ ‘၈’ ကိုမြင်တော့သူနည်းနည်းသဘောကျသွားတယ်ဗျ။ သူနဲ့ပေါင်းရရင်တော့ ယုံကြည်‘ကိုး’စားရမယ့်သူ။ အား‘ကိုး’ရမဲ့သူဆိုပြီတော့လေ။ အင်းဆက်သွားကြည့်ပါဦးမယ်ဆိုပြီထွက်လာပြန်ရော။

‘၉’ နဲ့သွားတွေ့တယ်ဗျ။ ‘၁’ တော်တော်လန့်သွားတယ်ဗျ။ သူနဲ့ပေါင်းရရင် အဖတ်‘ဆယ်’ လို့တောင်ရမှာဟုတ်ဘူးတဲ့လေ။

နောက်ဆုံး ‘ဝ’ လေးနဲ့သွားတွေ့တယ်။ ‘ဝ’ လေးကိုတွေ့တော့ သူ တော်တော်လေး လေးစားသွားတယ်။ ဘာလို့လဲဆိုတော့ ‘ဝ’ လေးက ဘယ်သူနဲ့ပေါင်းပေါင်း သူနဲ့ပေါင်းတဲ့လူရဲ့တန်ဖိုးဟာ ဘာမှပြောင်းလဲမှုမရှိဘူးဆိုတော့။ သူနဲ့ပေါင်းတဲ့လူနဲ့ထပ်တူခံစားပေးနိုင်တယ်ဆိုပြီးတော့လေ။

ကဲဘယ်လိုလုပ်ကြမလဲ။ ‘၁’ လေးကို ဘယ်သူနဲ့ သဘောတူလဲဗျ။ ဟဲဟဲ ပျင်းလို့လျှောက်ရေးထားတာ ဘာမှဟုတ်ဘူး။ လျှောက်ရေးထားတာကို လျှောက်ဖြေပေးကြပါဗျို့။ နှစ်သစ်မှာရွင်လန်းချမ်းမြေ့ကြပါစေဗျာ။

ကျွန်တော်ထပ်ပြောချင်တယ်ဗျ ကျွန်တော်ပထမဆုံးတင်တုံးက ‘ဝ’ လေးအကြောင်း ကျန်ခဲ့တယ်ဗျ။ ဒီနေ့(၁၅.၀၄.၂၀၀၈)မှသတိရလို့ထပ်တင်လိုက်တယ်။ ခွင့်လွတ်ပေးကြပါ။ မင်္ဂလာနှစ်သစ်ပါဗျို့။

14 comments:

မေမိုးမခ said...

မေမိုးကတော့ ၃ နဲ့ပဲ ပေါင်းစေချင်တယ် ဘာဖြစ်လဲဆိုတော့ ဘ၀လက်တွဲဖော်ကို စိတ်တိုင်းကျ ရှာမယ်ဆိုရင် အဓိက ကတော့ အချစ်ပဲလေ
အချစ်မပါရင်တော့ ဘ၀လက်တွဲဖော်နဲ့ ဘ၀ခရီးတွေ လျှောက်လှမ်းတော့မယ်ဆိုရင် ခဏလေးပဲ ဖြစ်မှာပါ။
ဒါကမေမိုးရဲ့ အမြင်ပါ။

လငျးထကျ said...

ခြောက်ပစ်ကင်းသဲလဲစင်မဲ့ ၅ လေးနဲ့ ဘဲပေါင်းစေ ခြင်တယ်..၁ဆိုတဲ့အတိုင်း ဟိုတစ် ဒီတစ် လုပ်မနေနဲ့  သွက်သွက် ကလေး...။

Apprenticeship said...

၁ ကြိုက်ဒါယူပါစေဗျာ…. သူ့ရွေးချယ်မူကို လေးစားရအောင်လေ…

ein said...

ပုံပြင်ပြောပြနေလို့လာနားထောင်တယ်ကွ...း)
ဟုတ်တယ် ၂ နဲ့မပေါင်းသေးနဲ့ဦး ဆက်လျှောက်ဦး ပေါ့...သုံးလို့မကုန်တဲ့စည်းစိမ်တွေလဲ ထားလိုက်ပေါ့ ၁ ကလေးရာ ...လေးလေးနက်နက်ဆိုတာကလဲ အဟုတ်လားဆိုတာ စဉ်းစားစရာပဲနော် ဟိဟိ... သူဘက်ကရေလိုက်ငါးလိုက်ဆိုတော့လဲ ၁ ကဆက်ပီးစဉ်းစားတာပဲကောင်းပါတယ်လေ...အခွံဆိုရင်အကောင်းဘူးပေါ့နော ၁ ကလေးရယ် ...၈ ဖြစ်မဲ့အစား ရကိုမနှစ်သက်တာပဲကောင်းပါတယ်လေ...ယုံကြည်‘ကိုး’စားရမယ့်သူ။ အား‘ကိုး’ရမဲ့သူဆိုတော့လဲ ၈ ကိုသဘောကျတာမဆန်းဘူးပေါ့လေ...အယ် အဖတ်‘ဆယ်’ လို့မရလောက်ဘူးဆိုရင် ၉ ကိုလန့်သာလန့် နော်...ဘယ်သူနဲ့မှသဘောအတူဘူးကွာ အရင် ၁ ဆိုတဲ့အတိုင်း ရှိနေတာအကောင်းဆုံးပေါ့ကွာ ဟုတ်တယ်ဟုတ်...း)

Black Dream said...

ကောင်းလိုက်တဲ့ အတွေးအခေါ်နဲ့ အရေးအသားပဲ ညီလေးရာ..။ လေးစားပါတယ်..။ ဒီလိုမျိုးဆက်ပြီး ရေးနိုင်ပါစေလို့...။ အင်းအစ်ကို့ သဘောအရဆိုရင်တော့ ဘယ်သူကို ရွေးချယ်ရွေးချယ်သိပ် ပြသနာမရှိပေမယ့်...။ အရေးကြီးတာတစ်ခုတော့ ပြောချင်တယ် အဲအဲဒါ အဲ့ဒီ့ "၁" လေးကို "၁၀" နဲ့တွေ့ ပြီး... ဆက် မ တစ် (၁၁) နေစေဖို့ရယ်... "၁၁" နဲ့တွေ့ပြီး ဆက် မ နစ် (၁၂) နေစေဖို့ရယ်ပါပဲ :)

p.s- if i were "one" i will chose "0" coz... everytime i m with that number or i add myself with that number...i will get myself "1" always :)

Anonymous said...

ငါကတော့ အားလုံးနဲ့ သဘောတူတယ်ကွ။ ဟီး...ဟီး

Anonymous said...

ဝေး..........မီအိမ်လေး ရေးတက်လှကြီလား ကောင်းတ်ယကွ အစ်ကိုကတော့ လေးလေးနက်နက်နဲ့ တစ်သက်လုံးချစ်သွားမယ် ၃ လေးနဲ့ ပေါင်းစေချင်တယ်း) ..........။
အားပေးနေတယ် ညီရေ့ ကိုယ်တိုင်ရေးလေးတွေဖတ်ရတာ ပိုအရသာရှိတယ် ။

မြန်မာပြည်ကိုလွမ်းတယ် said...

မေတော့ '၀'လေးကိုကြိုက်တယ်။

ThinkingHoney said...

တကယ်တော့ အခက်အခဲတွေ ဘယ်လိုတွေ့တွေ့ တယောက်နဲ့ တယောက် နှစ်နှစ်ကာကာချစ်ရင် အားလုံးကို ကျော်လွှားနိုင်ပါတယ်။
ပြီးတော့
တစ်နဲ့ အလိုက်ဖက်ဆုံးက တစ်ပဲဗျ။
သဘူတောပါသလား။ :D

Anonymous said...

ကောင်းတယ်ဗျာ။ တကယ်ကောင်းတဲ့စိတ်ကူးပဲ။ ဆက်လုပ် မီးအိမ်ရေ...။

Chan Mya Soe said...

၃ နဲ့ပဲ ပေါင်းစေချင်ပါတယ်။ ဒါပေမဲ့ ဘ၀မှာ တစ်ခါတလေကျတော့ ၄ နဲ့ပေါင်းသလိုမျိုး ရေလိုက်ငါးလိုက် နေတတ်ဖို့ကလည်း အရေးကြီးတယ် :)

YeAungThu said...

ကျနော်သာဆိုရင် ၁ ကို ၁ နဲ. ပေါင်းတော.မယ် ။
၂ ကိုယ်တူ ဘ၀ အတွက် ၂၂ ကာကာ ကြင်နာနေဖို.လိုအပ်တယ် ထင်တာပဲ ။

Anonymous said...

မီးအိမ်လေးရေး "၁"ကလေး သူ့စိတ်နဲ့ထိတွေ့သူကိုပဲ ရွေးချယ်ဒါကောင်းပါတယ်။ အကြံပေးလို့ အစဉ်မပြေဖြစ်လာ ရင် ကိုယ်ရင်ဆိုင်ရမှာ မဟုတ်ဘူးလေး.."၁"ကလေးက ရင်ဆိုင်ရမှာ..
ငါ့သာ"၁" အနေနဲ့ ရွေးရမယ်ဆိုရင်တော့ "0"ဘဲရွေးမယ် cause it can make my value more when it is behind and it cannot change my value though it is in front of me. Nice post!

capricorn said...

ကိုမီးအိမ်..ဒီပိုစ့်လေးကြိုက်တယ်..
ဒါကတော့ ၁ ကလေးရဲ့ဖြစ်တည်ချင်မှု
နဲ့ဆိုင်မယ်ထင်ပါတယ်..ပင်ကိုယ်တန်ဖိုးမပျက်
ချင်တာလား..တက်ချင်တာလား..ပြောင်းချင်
တာလား..ဆိုတာမျိုးပေါ့ ညီမသာ ၁ ဆို
ရင်တော့ ၁ ပဲရွေးမယ်..

နိုင်ငံတကာ အချိန်များ