Tuesday, April 1, 2008

အတွေးကတ်ပြား

ဒီစာအုပ်ကိုစာရေးဆရာကြီး 'ဖေမြင့်' ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

အတွေးကတ်ပြား


လူတစ်ယောက်ထံမှ အစစအရာရာ
သိမ်းပိုက်သွားနိုင်သော်လည်း
တစ်ခုကိုမှု ယူ၍မရ။
ယင်းကား ၊ လူ့လွတ်လပ်ခွင့်တို့အနက်
အရင်းခံအကျဆုံးဖြစ်သည့်
‘မိမိလမ်းကို မိမိရွေးချယ်ပိုင်ခွင့်’ ဖြစ်ပေသည်။
[ဗစ်တာ ဖရန်ကဲလ်]

ကောလိပ်ရောက်စ နှစ်များတုန်းကမှု ကျွန်တော်ကမကျေနပ်စိတ် ဒေါသစိတ်တွေ များနေသည့် လူငယ်တစ်ယောက်ဖြစ်ပါသည်။ ကျွန်တော့်ဒေါသက အရပ်ရပ်သို့ ပျံ့နှံ့နေသည်။ လောကကြီးထဲမှာ ကျွန်တော်ဘာကိုမှ မကျေနပ်ချင်ပါ။ ကျွန်တော့်ဒေါသက နေရာတစ်ခုမှာ စုပြုံကျရောက်နေတာလည်း ရှိသည်။ အဲဒါက မိဘများဖြစ်သည်။ မိဘတွေကို ကျွန်တော် သဘောမကျပါ။ အဖေ့သြဝါဒတွေ ၊ လမ်းညွှန်တာ သွန်သင်တာ ဆုံးမတာတွေအတွက် ကျွန်တော် အမြဲဒေါသထွက်နေရသည်။

မိဘက ငွေကြေးမပြည့်စုံတော့ ကျွန်တော် နီးနီးနားနားက ကောလိပ်ကျောင်းကိုပဲ တက်နိုင်သည်။ ကျောင်းသွားတော့လည်း နေ့တိုင်း ဘတ်စကားနှင့် ပဲသွားရသည်။ တစ်နေ့မှာတော့ အဖေနှင့် ကျွန်တော် အကြီးအကျယ် စကားများသည်။ ကျွန်တော့်စိတ်တွင် ကျွန်တော့်ကို အဖေချုပ်ချယ်လွန်းသည်ဟု ထင်နေသည်။ ကျွန်တော် အချုပ်ချယ်တွေက ရုန်းထွက်ချင်နေသည်။ အဖေက ကျွန်တော် လူကြီးကိုမလေးစား ၊ ပုန်ကန်ချင်သည်ဟုမြင်သည်။ ဖိဖိစီးစီး ကိုင်တွယ်မှ ဖြစ်မည်ဟု သဘောထားသည်။ အဲသည်တော့ နှစ်ယောက်လုံး အော်ကြီးဟစ်ကျယ်တွေနှင့် ပေါက်ကွဲကြတော့သည်။ ကျွန်တော် အိမ်ကဆူပူအော်ဟစ်ပြီး ထွက်လာတော့ကျောင်းကားက သွားနှင့်ပြီ။ နောက်တစ်စီး စောင့်မည်ဆိုလျှင် ‘ပညာရေး’ အတန်းကို မီမှာမဟုတ်တော့။ ကျွန်တော် အဲသည်မှာ ပို၍ပင် စိတ်တိုလာသည်။

လမ်းတစ်လျှောက် ရှူးရှူးရှဲရှဲ ဒေါသထွက်လိုက် ၊ တဟင်းဟင်း သက်ပြင်းချလိုက်နှင့် ကျွန်တော် ကျောင်းသို့ရောက်လာသည်။ စိတ်ထဲမှာ အဖေနှင့်ပတ်သက်သည့် ဒေါသတွေးတွေ တစ်လျှောက်လုံး သွန်ချလာသည်။ မြီးကောင်ပေါက်အရွယ် လူငယ်အတော်တော်များများနည်းတူ ကျွန်တော့်အတွေးတွေက ကိုယ့်သဘော ကိုယ့်ဆန္ဒတွေချည်း ကြီးစိုးလွန်းနေသည်။ လောကကြီးမှာ ကျွန်တော့်အဖေလောက်ဆိုးသည့် အဖေမျိူး တစ်ယောက်မျှ ရှိမည်မဟုတ် ၊ ကျွန်တော့်လို မတရား ချုပ်ချယ်ခံရ သည့် အနေအထားမျိုးလည်း ဘယ်သူမျှ ကြုံဖူးကြလိမ့်မည်မဟုတ် ၊ ပြီး ကျွန်တော့်အဖေသည် အထက်တန်းကျောင်းထွက်စာမေးပွဲလောက်ပင် မအောင်မြင်ခဲ့ ၊ ကျွန်တော်တော်က ကောလိပ်ကျောင်းသား ၊ သူ့ထက်အများကြီးပညာတတ်သည် ၊ ဒါတောင်မှပင် ကျွန်တော့်ဘ၀ ကျွန်တော့်အစီအစဉ်တွေမှာ နေရတကာ ဝင်ပါချင် ၊ လိုက်နှောင့်ယှက်ချင်နေသည် ၊ စသဖြင့်။

ကျယ်ဝန်းသော ကျောင်းဝင်းကို ဖြတ်သန်းကာစာသင်တန်းရှိသည့် အဆောက်အုံဆီသို့ အပြေးအလွှားသွားရင်း ရုတ်တရက် တစ်စုံတစ်ခုကို သတိရသည်။ သည်ကနေ့ပေးရမည့် ‘အတွေးကတ်ပြား’ အဆိုင်းမင့်အတွက် ကျွန်တော်ဘာမှ မလုပ်ခဲ့ရသေး။

သည်အတန်းက ဒေါက်တာ ဆစ်ဒနီဘီဆိုင်မွန်၏ အတန်းဖြစ်သည်။ ဒေါက်တာဆိုင်မွန်က ကျွန်တော်တို့ကျောင်းမှာ အထူးခြားဆုံး ဆရာတစ်ယောက်ဖြစ်သည်။ သူ့ပေါ်လစီတွေ လုပ်ထုံးလုပ်နည်းတွေက လုံး၀ တစ်ဘာသာ။ သင်ကြားပုံ သင်ကြားနည်းတွေက တစ်ခါမှ မကြုံတွေ့ဖူးသည့် အသစ်အဆန်းတွေဖြစ်သလို ၊ အမှတ်ပေးစနစ်ကလည်း အံ့သြဖွယ်ရာပင်။ ဒေါက်တာဆိုင်မွန် အကြောင်းကို လူတိုင်းက ပြောကြသည်။

သူ့ထံ ပထမဆုံး အတန်းတက်ရသည့်နေ့တွင်ဒေါက်တာဆိုင်မွန်က သင်ခန်းစာအစီအစဉ် တစ်ခုရှင်းပြသည်။ “အင်္ဂါနေ့တိုင်း လေးလက်မ ခြောက်လက်မအရွယ် အညွှန်းကတ်ပြားတစ်ခုစီ ယူခဲ့ကြပါ ၊ ကတ်ပြားရဲ့ ထိပ်မျဉ်းကြောင်းမှာ နာမည်နဲ့ နေ့စွဲရေးပါ ၊ အောက်မှာ ဘာရေးမလဲဆိုတာတော့ တစ်ဦးချင်းသဘောပဲ။ အတွေးတစ်ခုရေးနိုင်တယ် ၊ ကိုယ် စိုးရိမ်ပူပန်တာရေးနိုင်တယ် ၊ ခံစားချက်ရေးနိုင်တယ် ၊ မေးခွန်းတစ်ခုခု ရေးနိုင်တယ် ၊ ဒါမှမဟုတ် ဘာဖြစ်ဖြစ် ခေါင်းထဲပေါ်လာတဲ့ တစ်ခုခုကို ရေးလိုက်နိုင်တယ်။ အဲဒါဟာမင်းတို့နဲ့ ဆရာနဲ့ကြား တိုက်ရိုက်ဆက်သွယ်တဲ့ နည်းတစ်ခုပဲ။ ဒီကတ်ပြားတွေဟာ လုံး၀ ‘လျှို့ဝှက်’ ဖြစ်တယ် ၊ ဗုဒ္ဓဟူးနေ့တိုင်း ဒါတွေပြန်ပေးမယ် ၊ ကတ်ပြားပေါ်မှာ မင်းတို့ရေးလိုက်တာတွေနဲ့ ပတ်သက်တဲ့ ဆရာ့ရဲ့ မှတ်ချက်တွေ ပါလာလိမ့်မယ် ၊ မေးခွန်းမေးသူကို ဆရာ အတတ်နိုင်ဆုံး ကြိုးစားပြီး ဖြေမယ် ၊ ကိုယ်စိုးရိမ်ပူပန်တဲ့ကိစ္စ ဖော်ပြလာသူကိုလည်းပဲ အလားတူဆရာအလေးအနက် တုံ့ပြန်မယ်။ အရေးကြီးတဲ့ အချက်ကဒီကတ်ပြားဟာ အင်္ဂါနေ့အတန်းတက်ဖို့အတွက်ဝင်ခွင့်လက်မှတ်ဖြစ်တယ်ဆိုတာ မမေ့ကြဖို့ပဲ”

ပထမအင်္ဂါနေ့မှာ ကျွန်တော် တာဝန်ကျေပွန်စွာအညွှန်းကတ်ပြားယူလာသည်။ ကတ်ပြားထိပ်မှာ ကျွန်တော့်နာမည်နှင့် အဲသည်နေ့ နေ့စွဲကို ကျကျနနရေးထားပြီး အောက်ဘက်တွင် “အရောင်ပြောင်တိုင်းလဲ ရွှေမဟုတ်” ဟူသော စာတစ်ကြောင်း ရေးလိုက်သည်။ နောက်တစ်နေ့မှယ ဒေါက်တာဆိုင်မွန်က အတန်းသားတွေကိုကတ်ပြားများ ပြန်ပေးသည်။ ကျွန်တော့်ကတ်ပြားတွင်ခဲတံနှင့် ရေးထားသော မှတ်ချက်တစ်ခု ပါလာသည်။ “ဒီစကားပုံက မင်းအတွက် ဘာအဓိပ္ပာယ် ထွက်သလဲ ၊ ထူးခြားချက် တစ်စုံတစ်ရာရှိသလား”

မှတ်ချက်ကိုဖတ်ကာ ကျွန်တော့်စိတ်ထဲ စနိုးစနှောင့် ဖြစ်သွားသည်။ သူက သည်ကတ်ပြားတွေကိုတကယ်အလေးအနက် လုပ်နေသည်ပဲ။ ကျွန်တော်ကတော့ ရင်ထဲရှိနေတာတွေကို သူ့ထံ လုံးဝဖွင့်ဟချင်စိတ်မရှိ။

နောက်ရက်တွေ ရောက်လာသည်။ သည်အတန်းက တစ်ရက်တစ်နာရီ နေ့တိုင်းရှိသည်။ ဒေါက်တာဆိုင်မွန်က တကယ်ထက်မြက်သော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်တို့အား မေးခွန်းတွေ မေးသောနည်းဖြင့် သင်ကြားသည်။ အရင်တုန်းက ဘယ်ဆရာထံကမှ မကြားခဲ့ရဘူးသည့် ပြဿနာတွေ ၊ အရေးကိစ္စတွေ သူ ဖော်ထုတ်ကာ ကျွန်တော်တို့အား ဆွေးနွေးခိုင်းသည်။ ပြဿနာကို ကိုယ်တိုင်စဉ်းစားဖြစ်အောင်ဆွပေးသည်။ ပေါ့ပေါ့တန်တန်မဟုတ် အလေးအနက်စဉ်းစားစေခြင်း ဖြစ်သည်။ လူမှုရေးပြဿနာ ၊ နိုင်ငံရေးပြဿနာ ၊ တစ်ဦးချင်းဆိုင်ဂာ ပြဿနာ အားလုံးသည်ပင် ကျွန်တော်တို့ အတန်းအတွက် ဆွေးနွေးစရာသင်ခန်းစာတွေချည်းဖြစ်သည်။ ကျွန်တော်တို့ အတန်းသည် လူမှုရေးရာဘာသာရပ်များ သင်ကြားပို့ချပုံနည်းနာများအကြောင်း လေ့လာသော အတန်းဖြစ်ရာလေ့လာမှုနယ်ပယ်က အလွန်ကျယ်ဝန်းသည်။ ကျွန်တော် အထက်တန်းကျောင်းမှာတုန်းကလည်း လူမှုရေးရာဘာသာများဖြစ်သော ပထဝီ ၊ သမိုင်း ၊ စီးပွားရေးပညာ အစရှိတာတွေ သင်ခဲ့ရဖူးသည်။ ဆရာ ဆရာမ များက သည်ဟာတွေကို ကျက်စာဘာသာများအဖြစ်သဘောထားကြသည်။ သူတို့ထဲမှာပါသည့် အမည်တွေ ၊ ခုနှစ်သက္ကရာဇ်တွေ ၊ နံပါတ်စဉ်ထိုး၍ ပေးထားသည့် အချက်အလက်တွေကို အလွတ်ရအောင်ကျက် ၊ စာမေးပွဲမှာ မေးလာသည့်အခါ အားလုံးပြန်ချရေး ၊ ဒါပဲဖြစ်သည်။ သူတို့အထဲက အကြောင်းအချက်တွေနှင့် ပတ်သက်ပြီးစဉ်းစားဝေဖန်ဖို့ ဘယ်သူကမှ ခိုင်းလေ့မရှိခဲ့။

အစပိုင်း၌ ကျွန်တော့်စိတ်တွင် ဆရာဆိုင်မွန်ကကျွန်တော်တို့ကို သည်ပြဿနာရပ်တွေနှင့် ပတ်သက်၍ထောက်ခံသည့်ဘက်ကအမြင်တွေ သို့မဟုတ် ဆန့်ကျင်ကန့်ကွက်သည့် ဘက်ကအမြင်တွေ ခေါင်းထဲရိုက်ထည့်ပေးဖို့ ကြိုးစားနေတာမျာလားဟု ထင်မြင်မိသေးသည်။ သို့သော် ဆရာက သည်လိုပုဂ္ဂိုလ်မျိုး မဟုတ်ပါ။ ကျွန်တော်တို့ ကိုယ့်ဘာသာ စဉ်းစားတတ်ဖို့ ၊ ပြီး အဲသည်ကမှ ကိုယ်ပိုင်အတွေးအမြင် အယူအဆများ ကိုင်စွဲရရှိလာစေဖို့ သူ တိုက်တွန်း အားပေးနေခြင်းသာ ဖြစ်သည်။ သို့သော် ပွင့်ပွင့်လင်းလင်းပြောရလျှင် သည်အတန်းတက်ရတာ ကျွန်တော် အတော် ကသိကအောင့် ဖြစ်ပါသည်။ စင်စစ် ၊ ဆရာဆိုင်မွန် သင်ကြားပုံက အသစ်အဆန်းဖြစ်၍ ငြီးငွေ့ဖွယ်မရှိဟု ဆိုနိုင်သည်။ သဘောကျချင်စရာ၊ တစ်ခါတစ်ရံ တက်တက်ကြွကြွ ပါဝင်ချင်စရာလည်းဖြစ်ပါသည်။ သို့သော်သည်သင်ကြားပုံမျိုး မကြုံဘူးသည့် ကျွန်တော့်မှာ ဆရာဆိုင်မွန်ကို ဘယ်လိုပုံစံပြန်လည်တုံ့ပြန် ဆက်ဆံမည်ဟူသော ဗျူဟာတစ်ရပ် ချမှတ်နိုင်ခြင်းမရှိ ဖြစ်နေသည်။ ပုံမှန်အတန်းမှာ အကောင်းဆုံး ဘယ်လို နေထိုင်ရမည်ဆိုတာ ကျွန်တော်သိသည်။ ရှေ့ဆုံးတန်းမှာထိုင်၊ ဆရာ့လက်ချာကို အရမ်းသဘောကျကြောင်းပြော၊ အဆိုင်းမင့်တွေကို ဆရာပြောသည့်ပုံစံအတိုင်း တိတိကျကျ သပ်သပ်ရပ်ရပ် ရိုက်ပြီးတင်၊ ပြီးလျှင် စာတွေ အလွတ်ကျက် ၊ အလွတ်ကျက် ၊ အလွတ်ကျက်။ ယခု ဆရာ့အတန်းကတော့ လုံးဝတခြားစီ ဖြစ်နေသည်။ အရင်အစဉ်အဆက် ကျွန်တော် သုံးစွဲအောင်မြင်လာခဲ့သည့် နည်းတွေ သည်နေရာမှာ သုံးမရဖြစ်နေသည်။

ဒုတိယအင်္ဂါနေ့ ရောက်လာပြန်သည်။ ကျွန်တော်က ကတ်ပြားပေါ်မှာ “အချိန်မီတစ်ချက်ချုပ်လျှင် ရေညှိမတင်” ဟု ရေးလိုက်သည်။ (“အချိန်မီတစ်ချက်ချုပ်လျှင် ကိုးချက်ချုပ်ရ သက်သာသည်” နှင့် “လိမ့်နေသော ကျောက်ခဲရေညှိမတင်” ဟူသော စကားပုံနှစ်ခုကို ဖြတ်ဆက်ပေးထားခြင်းဖြစ်သည်။) ဒါကလည်း ဆရာ့ကို ပြည့်ပြည့်၀၀ ကိုးစားယုံကြည်ခြင်း မရှိသဖြင့် ဟာသကလေးနှင့် ကိုယ့်ကိုကိုယ် ဖုံးထားကာထားလိုက်ခြင်းဖြစ်သည်။ ကျွန်တော်ရင်းရင်းနှီးနှီး အရောတဝင် မဆက်ဆံချင်သည့် အခါမျိုးမှာ ကျင့်သုံးလေ့ရှိသည့် ကျွန်တော်၏ အကောင်းဆုံး ကာကွယ်ရေးနည်းလမ်းတစ်ရပ်လည်း ဖြစ်ပါသည်။ နောက်နေ့ကတ်ပြားပြန်ရသည့် အခါမှာတော့ “မင်းကြည့်ရတာ ဟာသဉာဏ်ရှိပုံ ရတယ်၊ အဲဒါဟာ မင်းအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ရပ်ပဲလား” ဟူသော မှတ်ချက်တစ်ခုပါလာသည်။

သူဘာကိုလိုချင်သလဲ။ အခုလုပ်နေတာ ဘာသဘောလဲ။ မူလတန်းကျောင်းမှ စတင်ကာ ယနေ့အထိ ကျွန်တော့်အား ကိုယ်ရေးကိုယ်တာတွေပါ လိုက်စိတ်ဝင်စားသည့် ဆရာ ဆရာမ တစ်ယောက်မျှ မကြုံဘူးပါ။ သည်ဆရာ ဘာကိုအလိုရှိသလဲ။

ကျွန်တော် စာသင်ဆောင်ထဲ အပြေးအလွှားဝင်လာခဲ့သည့်အချိန် အတန်းစတာ ၁၀ မိနစ်ခန့်ရှိနေပြီ။ အခန်းပြင်ဘက်နားလေးမှာ ကျွန်တော်မှတ်စုစာအုပ်ထဲက အညွှန်းကတ်ပြာတစ်ခု ထုတ်ယူသည်။ နာမည်နဲ့ နေ့စွဲရေးသည်။ အဲသည်နောက် ဘာအတွေး ရေးရမလဲ အသည်းအသန်စဉ်းစားသည်။ သည်အခါ စောစောက အဖေနှင့် ရန်ဖြစ်ခဲ့သည့် အကြောင့်တစ်ခုပဲ ခေါင်းထဲပေါ်လာသည်။ “ကျွန်တော်သည် လုံးဝအသုံးမကျသော သူတစ်ယောက်၏ သားဖြစ်သည်” ဟု ရေးချလိုက်ပြီး အခန်းထဲ အလျှင်အမြန်ဝင်ခဲ့သည်။ ဆရာက ဝင်ပေါက်အနီးမှာပဲ ရပ်ကာ အကြောင်းအရာတစ်ခုကို ဆွေးနွေးပြောဆိုနေခိုက်ဖြစ်သည်။ ကျွန်တော့်ကို မြင်တော့ ကတ်ပြားလှမ်းတောင်းသည်။ ကျွန်တော် သူ့လက်ထဲ ကတ်ပြားထည့်ပေးလိုက်ပြီး ကျွန်တော့်နေရာမှာ ဝင်ထိုင်သည်။

နေရာမှာ ထိုင်မိသည်နှင့် တစ်ပြိုင်နက် ကျွန်တော် အကြီးအကျယ် တုန်လှုပ်ချောက်ချားသွားသည်။ ငါ ဘာတွေလုပ်မိလိုက်ပါလိမ့်။ ကတ်ပြားကို ပေးလိုက်မိပြီ။ အဲဒါ အကြီးအကျယ် ပြသာနာ။ သည်ကိစ္စဖွင့်ပြောဖို့ ကျွန်တော်လုံးဝစိတ်ကူးမရှိခဲ့။ ယခုတော့ ကျွန်တော့်ဒေါသ အာဃာတတွေ သူသိသွားတော့မည်။ ကျွန်တော့်အဖေအကြောင်း ကျွန်တော့်ဘဝအကြောင်းတွေ သူသိသွားတော့မည်။ အဲသည်နေ့ အတန်းထဲက တစ်ခြားကိစ္စတွေ ကျွန်တော် ဘာတစ်ခုမှသတိမရ။ ကျွန်တော့်ခေါင်းထဲ ကြီးစိုးနေသည်က ကတ်ပြားကိစ္စသာပဲဖြစ်သည်။

အဲသည်ည တစ်ညလုံးပင် အမျိုးအမည်မဖော်ပြနိုင်သည့် တုန်လှုပ်ချောက်ချားမှုတစ်ခုကြောင့် ကျွန်တော် အိပ်မရနိုင်ခဲ့။ သည်ကတ်ပြားတွေက ဘာအဓိပ္ပာယ်လဲ။ ဘာရည်ရွယ်ချက်လဲ။ ငါ ဘာကြောင့် အဖေ့အကြောင်း သူ့ကိုသွားပြောလိုက်မိသလဲ။ တကယ်လို့ သူသာ အဖေကို ဆက်သွယ်စကားပြောခဲ့ရင် ဘယ့်နှယ်လုပ်မလဲ။ ဒါတွေ သူနဲကော ဘာဆိုင်သလဲ။ သူများကိစ္စတွေ သူဘာပတ်သက်စရာလိုသလဲ…။

ဗုဒ္ဓဟူးမနက် ရောက်လာသည်။ စိတ်မဖြောင့် တဖြောင့်နှင့်ပင် ကျောင်းသွားဖို့ ကျွန်တော်ပြင်သည်။ အတန်းထဲ ကျွန်တော် အချိန်စောစီးစွာ ရောက်လာသည်။ အတန်းထဲမှာ နောက်ဘက်အဝေးဆုံးထိုင်ကာ အတတ်နိုင်ဆုံး ပုန်းလျှိုချင်စိတ် ပေါက်နေသည်။ အတန်းစသည်။ ဒေါက်တာဆိုင်မွန်က အတွေးကတ်ပြားတွေ ပြန်လိုက်ပေးသည်။ ကျွန်တော့်ကတ်ပြားကို စားပွဲပေါ်တွေ မှောက်လျက်ချသွားသည်။ ဒါလည်း သူ့ထုံးစံပဲ ဖြစ်သည်။ ကတ်ပြားကို ကျွန်တော်ကောက်ကိုင်လိုက်သည်။ သို့သော် လှန်ရပင် ခက်နေသည်။

ကတ်ပြားကိုကြည့်မိသည့်အခါမှာတော့ သူရေးထားသောစာကို ဖတ်မိသည်။ “လုံးဝအသုံးမကျသော သူရဲ့သားက အနာဂတ်ကာလ သူ့ဘဝအတွက် ဘာတွေ လုပ်နေပါသလဲ” တဲ့။

ကျွန်တော် လုံး၀ အရှိုက်ထိုးခံလိုက်ရသလို ဖြစ်သွားသည်။ တစ်နေ့တစ်နေ့ ကျွန်တော် ကျောင်းသားသမဂ္ဂလက်ဖက်ရည်ဆိုင်မှာ အခြားသူငယ်ချင်းများနှင့်အတူ တမေ့တမောထိုင်ကာ ‘ကျွန်တော့်မိဘတွေကြောင့်’ ပေါ်ပေါက်လာရသည့် ကျွန်တော့်ပြဿနာတွေ အကြောင်းပြောဆိုလေ့ရှိခဲ့သည်။ သူတို့ကလည်း အလားတူအကြောင်းအရာတွေ ကျွန်တော်နှင့် ပြန်လည် မျှဝေကြစမြဲ ဖြစ်သည်။ ဘယ်သူကမှ ဘယ်သူ့ကို ကိုယ့်ကိစ္စ ကိုယ်တာဝန်ယူဖို့ ကောင်းသည့်အကြောင်း ပြောလေ့မရှိခဲ့။ တကယ်က ကျွန်တော်တို့အားလုံးပင် မိဘကို အပြစ်ပုံချသောအလုပ်ကို တညီတညွှတ်လုပ်ကာ ရေသာခိုနေခြင်းဖြစ်သည်။ ပြဿနာမှန်သမျှသည် ကျွန်တော်တို့မိဘတွေ၏ ချို့ယွင်းချက်တွေကြောင့်ချည်း ဖြစ်နေသည်။ စာမေးပွဲမှာ အမှတ်ကောင်းကောင်းမရလျှင် အမေ့ကို အပြစ်တင်မည်။ ထောက်ပံ့ကြေးအလုပ်တစ်ခု ရတော့မလိုနှင့် မရလျှင် အဖေ့ကို အပြစ်တင်မည်။ ကျွန်တော်က မိဘတွေနေရာမကျသည့် အကြောင်းအမြဲပြော၍ အပေါင်းအသင်းတွေကလည်း အရမ်းနားလည်သဘောပေါက်သည့် လက္ခဏာဖြင့် ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်ကြမြဲ ဖြစ်သည်။ ကျွန်တော့်အတွက် ကျောင်းစရိတ်ရှာဖွေပေးနေသည့် မိဘတွေသည် ဘာတစ်ခုမျှ မတတ်မသိဘဲ နေရာတကာလိုက် ပြဿနာရှာနေကြသူများသာ ဖြစ်သည်။

သို့သော် ပါမောက္ခဆစ်ဒနီဆိုင်မွန်၏ အလွန်ရိုးစင်းသလိုထင်ရသော မေးခွန်းက ကျွန်တော်မှုတ်ထားသည့် အဲသည်လေပူဖောင်းကို ထိုးဖောက်ပစ်ခဲ့သည်။ သူက ပြဿနာ၏ သော့ချက်ကို အမိအရ ဆုပ်ကိုင်သည်။ ကိစ္စက ဘယ်သူ့ကိစ္စလဲ။ မင်းပြဿနာကို ဘယ်သူတာဝန်ယူရမှာလဲဟူ၍ တဲ့တိုးမေးချလိုက်ခြင်းပင်။

အဲသည်နေ့က သမဂ္ဂလက်ဖက်ရည်ဆိုင်ဘက်သို့ခြေဦးမလှည့်ဖြစ်တော့ပဲ အိမ်ဆီ တန်းပြန်လာခဲ့သည်။ လူက စိတ်ဓာတ်ကျနေသလိုလို ၊ နည်းနည်းနှိပ်ကွက်ခံထားရသလိုလို ဖြစ်နေသည်။ တစ်ညနေလုံး သည်ကိစ္စကိုပဲ တအုံနွေးနွေး တွေးနေမိသည်။ အမေပြောခဲ့ဖူးသည့် စကားတစ်ခွန်းကိုလည်း အဖန်ဖန် သတိရနေသည်။ “သန်းကြွယ်သူဌေးက သူ့ကိုယ်သူဂုဏ်ဖော်ချင်တဲ့အခါ ‘ကိုယ်ထူးကိုယ်ချွန်သမား’ တဲ့ ၊ အမှုဖြစ်ပြီး အဖမ်းခံရပြီဆိုတဲ့အခါကျတော့ ‘ငယ်ငယ်တုန်းက စရိုက်ကြမ်းတဲ့ မိဘတွေနဲ့ ကြီးပြင်းလာရလို့ပါ’ တဲ့”

ဘဝအတွက် တကယ့်အပြောင်းအလဲကြီးတစ်ရပ်ကို ကျွန်တော် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်ဟု ပြောချင်လှပါသည်။ သို့သော် သည်လိုပြောလျှင်လည်း အတိအကျမှန်မည်တော့ မဟုတ်ပါ။ ဒေါက်တာဆိုင်မွန်၏ မှတ်ချက်က ရေရှည်ဆွဲကာဖြည်းဖြည်းချင်း အာနိသင်သက်ရောက်ခဲ့ခြင်းသာ ဖြစ်ပါသည်။ နောက်ရက်သတ္တပတ်အတန်ကြာအောင် သူ့မှတ်ချက်စကားက ကျွန်တော့်ခေါင်းထဲ ခဏခဏ ပေါ်လာနေသည်။ စိတ်ထဲမှာ ဟိုကိစ္စ သည်ကိစ္စတွေအတွက် အဖေ့အား အပြစ်တင်စကားဆိုမိတိုင်း ကိုယ်တွင်းမှ အသံတစ်သံက “ဟုတ်ပြီ ၊ မင်းပြောတဲ့အတိုင်း မင်းအဖေက ဘယ်နေရာတစ်ခုမှမကောင်းဘူးပဲ ထားပါတော့ ၊ မင်းကကော မင်းကိစ္စအတွက် ဘယ်လောက်ကြာကြာ အဖေကိုချည်း အပြစ်ပုံချပြီး ရှောင်တိမ်းနေနိုင်မယ် ထင်သလဲ” ဟူ၍လှမ်းလှမ်းမေးတာ ကျွန်တော်ကြားနေရသည်။

တဖြည်းဖြည်း ကျွန်တော့်အတွေးတွေ ပြောင်းလဲသထက် ပြောင်းလဲလာခဲ့သည်။ ကျွန်တော့် ပြစ်တင်ဝေဖန်စကားတွေ ပြောလွန်းတာ ကိုယ့်ဘာသာကြားလာသဘောပေါက်လာသည်။ ကျွန်တော့်ဘဝမှာ ကျွန်တော့်ကိုယ်ကျွန်တော် အဓိကပုဂ္ဂိုလ်နေရာက မထားမိပါကလား ၊ ကျွန်တော်သည် ပြုလုပ်သူမဟုတ် အပြုခံ ဖြစ်နေခဲ့ပါကလားဆိုတာကို ကျွန်တော်မြင်လာသည်။ သည်အခါကျတော့ ဒေါက်တာဆိုင်မွန့်အတန်းထဲမှာတုန်းကထက်ပင် ပို၍ မသက်မသာခံစားရသည်။ ကျွန်တော်ရုပ်သေးရုပ်တစ်ရုပ်မဖြစ်ချင်ပါ။ ကိုယ်ကစတင် ပြုလုပ်သူသာဖြစ်ချင်သည်။ သူတပါးလုပ်ရပ်ကို လိုက်၍တုံ့ပြန် လှုပ်ရှားသူမျိုး မဖြစ်ချင်ပါ။

သို့သော် ရင့်ကျက်ဖွံ့ဖြိုးမှုဖြစ်စဉ်က အဆောတလျှင်အလွယ်တကူ မဖြစ်ပေါ်ပါ။ မိမိခံစားမှု ၊ မိမိရွေးချယ်မှုနှင့် မိမိလုပ်ရပ်များအတွက် မိမိဘာသာ တာဝန်ယူတတ်သူတစ်ဦးအဖြစ် ကျွန်တော့်အား လူအများ သတိထားမိလာဖို့ တစ်နှစ်မျှ အချိန်ကြာခဲ့သည်။ ကျောင်းက ဘာသာရပ်တိုင်းမှာပင် ကျွန်တော့်အဆင့်အမှတ်တွေသိသိသာသာ တက်လာသည်။ အပေါင်းအသင်း သူငယ်ချင်းအသစ်တွေ တိုးပွားလာသကဲ့သို့ သူတို့၏အရည်အချင်းတွေလည်း မြင့်မားလှတာ အံ့သြစွာတွေ့ရှိရသည်။ အထူးခြားဆုံးက ကျွန်တော့်အမြင်မှာအဖေအရင်ကထက် အဆမတန် တော်လာနေခြင်းဖြစ်သည်။

သည်ကာလ တစ်လျှောက်လုံးပင် ကျွန်တော်အတွေးကတ်ပြားတွေ ဖြည့်မြဲ ဖြည့်ပေးဖြစ်ခဲ့သည်။ ထူးခြားလှသော သည့်ဆရာထံ၌ နောက်ထပ်အတန်းတစ်တန်း ထပ်တက်သေးသည်။ ကျောင်းနေခဲ့သည့်သက်တမ်းတစ်လျှောက် ဆရာ့အတန်းမှာ ကျွန်တော်အကြိုးစားဆုံးဖြစ်ခဲ့သည်။ အပတ်စဉ်ပေးရသည့် အတွေးကတ်ပြားများနှင့်အတူ ပို၍ အဖြေရခက်သော ပြဿနာမေးခွန်းတွေ ကျွန်တော်ဆက်၍ဆက်၍ ရရှိခဲ့သည်။

နှစ်အတန်ကြာပြီးနောက်မှာတော့ ကျွန်တော့်တိုးတက်မှုက ကျွန်တော့်ဘာသာပင် အံ့အားသင့်ရသလောက်ပင် အနိုင်နိုင်ရှိခဲ့သော ကျွန်တော်သည် ထူးချွန်သော ကျောင်းသားတစ်ဦး ဖြစ်လာပြီး အဲသည်နောက်တွင်မှု အောင်မြင်သော ဆရာတစ်ဦးအဖြစ်ပါ အသိအမှတ်ပြု ခံလာခဲ့ရသည်။ နဂိုက အမြဲမကျေမချမ်းဖြစ်နေပြီး ဘဝအတွက် လုပ်သင့်လုပ်ထိုက်သည့် အလုပ်မှန်သမျှကို အမြဲရှောင်ဖယ်နေခဲ့သော ကျွန်တော်သည် ယခုတော့ ထက်သန်တက်ကြွသူ ၊ ရည်မှန်းချက်ရှိသူ ၊ ရွှင်ပျလန်းဆန်းနေသူတစ်ဦး ဖြစ်လာခဲ့ပြီ။

အဖေနဲ့ ကျွန်တော့်ကြား ဆက်ဆံရေးသည်လည်းအလားတူပင် လုံးလုံးလျားလျားကြီး ပြောင်းလဲသွားခဲ့သည်။ ယခင်က ချုပ်ချယ်သည်ထင်ခဲ့ရာမှ ယခုတော့အဖေကျွန်တော့်အတွက် စိုးရိမ်ပူပန်ခြင်း ၊ ကျွန်တော့်ကိုဂရုစိုက်ခြင်းသာဖြစ်သည်ဟု မြင်လာခဲ့ပြီ။ ကျွန်တော်အားထိန်းကျောင်းပဲ့ပြင်ရန်အတွက် အဖေ့မှာ “ချောမွေ့ပြေပြစ်သော” နည်းလမ်းများ မရှိခဲ့တာ မှန်သော်လည်း စေတနာမေတ္တာအရင်းခံက ကြီးမားလှသည်ဆိုတာ ကျွန်တော်သဘောပေါက်ခဲ့ပြီ။ အဖေနှင့် ရန်ဖြစ်တာတွေ တဖြည်းဖြည်း လျော့လာသည်။ နောက်ဆုံး လုံးဝပျောက်ကွယ်သွားသည်။ အဖေသည် အမြော်အမြင်ရှိ၍ သားသမီးကိုလည်း ချစ်တတ်သော ဖခင်ကောင်းတစ်ယောက်ဖြစ်ကြောင်း ကျွန်တော် ကောင်းစွာ သိနားလည်ခဲ့ပြီ။

သည်အရာအားလုံးပင် အလွန်ရိုးစင်းသလို ထင်ရသည့် ဆရာ့မေးခွန်းတစ်ခုက အစပြုခဲ့ခြင်း ဖြစ်ချေသည်။


[မူရင်း။ ။ Hanoch McCartyThe Thought Card]

2 comments:

Black Dream said...

သာဓု ညီလေးရေ...သာဓု သာဓု။ ပြောင်းလဲမှု တစ်ခုဆို တာ တစ်ခါတစ်ရံမှာ အချိန်ယူရပေမယ့်..တစ်ခါတ်စလေ မှာလဲ မထင်မှတ်လောက်အောင် ပြောင်းလဲသွားစေနိုင်ပါတယ်...။ ကောင်းသောပြောင်းလဲခြင်းတွေ ရရှိနိုင်ပါစေ...။

p.s- မစွဲလန်းသင့်တော့တဲ့အရာ တစ်ခုကိုစွဲလန်းခြင်ဟာ လည်း ပြင်ဆင်သင့်ထဲ အထဲမှာ တစ်ခုအပါအ၀င်ပါပဲ ညီလေး..။ :)

May Moe said...

ဆရာဖေမြင့်စာတွေ အတွက် ကျေးဇူးပါ။တော်တော်များများ ဖတ်ပီးပင်မဲ့ ပြန်ဖတ်ချင်နေတာနဲ့ အတော်ပါပဲ။

နိုင်ငံတကာ အချိန်များ