Saturday, April 19, 2008

ကမ္ဘာလောကကြီးရေ

ဒီစာအုပ်ကိုစာရေးဆရာကြီး 'ဖေမြင့်' ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

ကမ္ဘာလောကကြီးရေ

ကျွန်မသား စကော့ နေသည့်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးက အရေးကြီးသော ကိစ္စတစ်ခု ပြောလို၍ အိမ်သို့ လာရောက်လိုကြောင်းနှင့် တွေ့ဆုံနိုင်မည့်အချိန်ကို ပြန်ကြားပေးပါရန် ဖုန်းဆက်ပြောဆိုသည်။

စကော့၏ ကျောင်းဆင်းပွဲကလည်း ရက်သတ္တပတ်အနည်းငယ်သာ လိုတော့သည်ဖြစ်ရာ ကျောင်းအုပ်ကြီးဆက်သွယ်ခြင်းမှာ ယင်းကိစ္စနှင့် ဆက်စပ် ပတ်သက်လိမ့်မည်ဟု ကျွန်မ ယူဆမိသည်။ သို့သော် စကော့ တစ်ယောက် ကျောင်းမှာ မဟုတ်တရုတ် တစ်ခုခုများ လုပ်ခဲ့လေသလားယူ၍လည်း စိတ်ထဲတွေးပူမိသေး၏ ။ သို့နှင့်သတင်းကောင်းပဲကြားပါရစေဟု ကျိတ်ဆုတောင်းကာ ဆရာကြီးအလာကိုစောင့်မျှော်နေခဲ့သည်။

သတင်းက သတင်းကောင်း အစစ်ဖြစ်သည်။ကျောင်းဆင်းပွဲတွင် ကျောင်းသားများကိုယ်စားနှုတ်ဆက်စကား ပြောကြားရန်အတွက် စကော့အား ရွေးချယ် အပ်နှင်းကြောင်း ကြားသိရသည်။ ထို့နောက် ဆရာကြီးက သား၏အောင်မြင်မှုကို ဂုဏ်ပြုသောအားဖြင့် ကျောင်းဆင်းပွဲနှင့် စပ်လျဉ်းသည့် အမှတ်တရ စာတစ်ပုဒ် ရေးသားပေးပါရန် ကျွန်မအား မေတ္တာရပ်ခံသည်။ ကျွန်မကလည်း ဝမ်းမြောက်ဝမ်းသာ ဆောင်ရွက်ပေးနိုင်ပါကြောင်းပြန်၍ပြောလိုက်သည်။ သားအတွက် ကျွန်မ တကယ်ပင် ဝမ်းမြောက်ဂုဏ်ယူခဲ့ခြင်းဖြစ်သည်။

လက်နှိပ်စက်ရှေ့မှာထိုင်ကာ စကော့ ဖြတ်သန်းခဲ့ရသည့်ဘဝခရီးအကြောင်း ပြန်ပြောင်း တွေးတောရင်း သူ့ဘဝအတွက် သည်ကျောင်းဆင်းပွဲ၏ ထူးခြားအရားပါလှပုံကို ကျွန်မထင်လင်းစွာ မြင်လာသည်။ စကော့နှင့် သူ၏ အတန်းဖော်သူငယ်ချင်းများသည်သူတို့အတွက် လုံးဝစိမ်းနေသေးသည့် လက်တွေ့လူ့လောကကြီးအတွင်းသို့ ဝင်ရောက်ကြရတော့မည် ဖြစ်သည်။ သူတို့ကို ကျွန်မတို့ နေ့စဉ် ပုံမှန် လိုက်လံထိန်းကျောင်းပေးနေနိုင်မည် မဟုတ်တော့ ၊ အကြံပေးခြင်း ၊ ဖေးမ ကူညီခြင်းများလည်း မပြတ်လုပ်နေနိုင်မည် မဟုတ်တော့။

သို့နှင့် သူတို့ နဖူးတွေ့ဒူးတွေ့ တွေ့ကြရတော့မည့် ကမ္ဘာလောကကြီးထံ ကျွန်မ စာတစ်စောင် ယခုလို ရေးဖြစ်ခဲ့သည်။

***


ကမ္ဘာလောကကြီးရေ…

တို့ကလေးတွေ ဒီနေ့ ကျောင်းဆင်းကြတော့မယ်။ ကာလအတန်ကြာတဲ့အထိ မင်းကို သူတို့ နားလည်နိုင်ကြဦးမှာ မဟုတ်ဘူး။ မင်းသူတို့ကို ကြင်ကြင်နာနာဆက်ဆံပေးပါလို့ ငါ မေတ္တာရပ်ခံချင်တယ်။

မင်းသိတဲ့အတိုင်း သူတို့က လောလောဆယ် အချိန်ထိ ကိုယ့်အိမ်မှာကိုယ် ဗိုလ်လုပ်နေခဲ့ကြတာ။ သူတို့ခံစားချက်တွေ ၊ ဝေဒနာတွေမှန်သမျှ မိဘက မပြတ်အကဲခတ်ပြီး ဖြေဖျောက်ပေး ကုစားပေးနေခဲ့တာ။ နက်ဖြန်သန်ဘက်က စပြီး အခြေအနေတွေက လုံးဝခြားနားသွားတော့မှာ။ အရင်တစ်ခါမှ မကြုံဖူးတဲ့ စွန့်စားခန်းအသစ်တစ်ခု စတင်ရတော့မှာ။ ဒီစွန့်စားခန်းခရီးမှာ ဒုက္ခဆင်းရဲတွေ ၊ ဝမ်းနည်းကြေကွဲစရာတွေလည်း ကြုံရလိမ့်မယ်။ သူနိုင် ငါနိုင် ယှဉ်ပြိုင်ရတဲ့ တိုက်ပွဲတွေလည်း ဆင်နွှဲရလိမ့်မယ်။ ဒီခရီးလမ်းကို လျှောက်လှမ်းနိုင်ဖို့အတွက် သူတို့မှာ ယုံကြည်မှုတွေ ၊ မေတ္တာတရားတွေ ၊ ခံနိုင်ရည်တွေ ၊ သိနားလည်မှုတွေ အများကြီး လိုအပ်လိမ့်မယ်။

ဒါကြောင့်မို့ သူတို့လေးတွေကို ကြည့်ရှု စောင့်ရှောက်ပေးဖို့ မေတ္တာရပ်ခံနေရတာပဲ ကမ္ဘာလောကကြီးရေ။

သူတို့ သိသင့်သိထိုက်တဲ့အရာတွေ သိအောင် တတ်အောင် သင်ပြပေးစမ်းပါ။ ဒါပေမဲ့ ကျေးဇူးပြုပြီး တတ်နိုင်သမျှ ညှာညှာတာတာတော့ ကိုင်တွယ်ပါနော်။

လောကကြီးမှာ လူတိုင်းသမားသမတ်ရှိတာမဟုတ်ဘူး။ တရားသဖြင့် လုပ်နေတာ မဟုတ်ဘူး ၊ မမှန်မကန်တဲ့လူတွေလည်း ရှိတယ်ဆိုတာ သူတို့သိဖို့ လိုသေးတယ်။ ဒါပေမဲ့ လူဆိုးတစ်ယောက် ရှိတိုင်း ဇာတ်လိုက် လူစွမ်းကောင်း တစ်ယောက်တော့ရှိတယ်။ လိမ်ညာ ကောက်ကျစ်တဲ့ နိုင်ငံရေးသမား တစ်ယောက် ရှိတိုင်း လေးစားကြည်ညိုစရာကောင်းတဲ့ နိုင်ငံရေးခေါင်းဆောင်ကောင်းတစ်ယောက်ရှိတယ်။ ကိုယ့်ကို ဒုက္ခပေးမယ့် ရန်သူတစ်ယောက်ရှိတိုင်း ကိုယ့်ကို ကူညီရိုင်းပင်းမယ့် မိတ်ဆွေတစ်ယောက်တော့ ရှိတယ်ဆိုတာလည်း သင်ကြားပေးစေချင်တယ်။

အချိန်တော့ ပေးရမှာပေါ့ လောကကြီးရယ်။ ဒါပေမဲ့ ကိုယ်တိုင်ရှာ ငွေတစ်ကျပ်ဟာ အလကားရတဲ့ ငွေတစ်ရာထက် တန်ဖိုးရှိတယ်ဆိုတဲ့အကြောင်း ၊ အရှုံးကိုအပြုံးမပျက် ခံယူတတ်မှ အောင်နိုင်ချိန်မှာ ပြည့်ပြည့်၀၀ ပျော်ရွှင်နိုင်မယ်ဆိုတဲ့အကြောင်းတွေလည်း သူတို့သိနားလည်အောင် ဆောင်ရွက်ပေးစေချင်တယ်။

ဖြစ်နိုင်ရင် သူတို့မှာ ဝန်တိုမစ္ဆေရိယစိတ်တွေ ကင်းစင်အောင် ၊ သူတစ်ပါးရဲ့ အဆင်ပြေမှု ၊ အောင်မြင်မှု အတွက်လည်း မုဒိတာ ပွားတတ်အောင် သင်ကြားပေးစေချင်တယ်။ မအောင်မြင်မှုနဲ့ ကြုံရတဲ့အခါမျိုးမှာ အရှုံးဒဏ်ကို ကြံ့ကြံ့ခံနိုင်တဲ့ ဇွဲသတ္တိရှိဖို့နဲ့ အောင်မြင်တဲ့အထိဆက်ကြိုးစားမယ်ဆိုတဲ့ စိတ်ဆန္ဒ ဆက်လက်ပြင်းပြနေတတ်ဖို့လည်း သင်ကြားပေးပါ။ ပြီး သိမ်မွေ့သူကို သိမ်မွေ့စွာ ဆက်ဆံဆတတ်ဖို့ ၊ မာကျောသူနဲ့တွေ့တဲ့အခါ ကိုယ်လည်း မာကျောနိုင်ဖို့ လမ်းညွှန်ပေးပါ။

အများနောက် ရောယောင်မလိုက်ဘဲ ကိုယ့်အသိဉာဏ် ၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ အလုပ်လုပ်တတ်ဖို့ ၊ ဘယ်သူ့စကားမှ နားပိတ် မထားသော်လည်း ကြားသမျှကိုတော့ အမှန်တရားဆိုတဲ့ ဆန်ခါနဲ့ စစ်ပြီးမှ လက်ခံ မှတ်သားတတ်ဖို့ ၊ ဝမ်းနည်းကြေကွဲချိန်မှာလည်း အပြုံးမပျက်နေတတ်ဖို့ ၊ သို့သော် မျက်ရည်ကျခြင်းကိုလည်း ရှက်စရာလို့ မယူဆဖို့ ၊ ပြီး တစ်ခါတစ်ရံ ရှုံးနိမ့်ခြင်းမှာလည်းဂုဏ်ကျက်သရေ ရှိနေတတ်ပြီး အောင်မြင်ပါလျက် စိတ်ပျက်ရခြင်း ဆိုတာမျိုးလည်း ရှိကြောင်း သိရှိဖို့ကိုပါ သင်ကြားပေးစေချင်တယ်။

အမြဲမကောင်းပြောတတ်တဲ့လူတွေကို ဂရုမစိုက်ဖို့စကားချိုလွန်းသူကို သတိထားဖို့။

ကိုယ့်ရဲ့ ဦးနှောက်နဲ့ ကြွက်သားကို ကြေးအမြင့်ဆုံးပေးသူထံ ရောင်းချတတ်ဖို့ ၊ ဒါပေမဲ့ နှလုံးသားနဲ့ ဝိညာဉ်ကိုတော့ ဘယ်တော့မှ ဈေးနှုန်းမသတ်မှတ်ဖို့အတွက်လည်း သင်ဖို့လိုလိမ့်မယ်။

အကယ်၍ ဖြစ်နိုင်မယ်ဆိုရင် ကိုယ်နဲ့ သူတစ်ပါးနှိုင်းယှဉ်တာမျိုး မလုပ်ဖို့လည်း သင်ပြပေးစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ လောကကြီးမှာ ကိုယ့်ထက်ကြီးကျယ်တဲ့လူ ၊ ကိုယ့်ထက် နိမ့်ပါးတဲ့လူတွေဆိုတာ အမြဲရှိနေမှာ မဟုတ်လား။ ကိုယ့်စံချိန် ကိုယ် ချိုးနိုင်အောင် ၊ ကိုယ့် ယခင် ဆောင်ရွက်ချက်တွေထက် ထူးခြားသာလွန်အောင် ပြိုင်ဆိုင်ကြိုးစားဖို့သာ သူတို့ကို သင်ကြားစေချင်တယ်။

ပြီးတော့ လောကကြီးမှာ တစ်ခါတစ်ရံ အလောင်းအစား လုပ်ရတဲ့အခါမျိုး ရှိသလို အံစာတုံးကို လက်လွှဲပေးလိုက်ရတဲ့အခါမျိုးလည်း ရှိတယ်ဆိုတာ သူတို့သိဖို့လိုလိမ့်မယ်။

လောကကြီးရေ…သူတို့ကို ကြင်ကြင်နာနာဆက်ဆံပါကွာ။ ဒါပေမယ့် အလိုတော့ မလိုက်နဲ့ ၊ သိပ်လည်းမျက်နှာသာ မပေးနဲ့ ၊ ဘာကြောင့်လဲဆိုတော့မီးဒဏ်ကို နာနာခံပြီးမှအသားကောင်းတဲ့ သံမဏိဖြစ်မှာကိုး။ ဒီအတွက်သူတို့မှာ မိမိကိုယ်ကို ယုံကြည်တဲ့စိတ်ထက်သန်ပြင်းပြစွာရှိဖို့ မွေးမြူလေ့ကျင့်ပေးပါ ၊ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ရှိမှ လူသားတစ်ရပ်လုံးအပေါ် ယုံကြည်တဲ့စိတ် သူတို့မှာ ကိန်းအောင်းလာလိမ့်မယ်။

မှာလိုက်တာတွေက သိပ်များနေပြီလားပဲ လောကကြီးရေ။ ဒါပေမဲ့ မင်းတတ်နိုင်သမျှတော့ လုပ်ပေးနော်။ သူတို့က နုနယ်သေးတဲ့ လူငယ်လေးတွေ…၊ ငါတို့ရဲ့ကလေးတွေပါ။

[မူရင်း။ ။ Avril Johannes ၏ Dear World]

4 comments:

လင်းထက် said...

လောကကြီးထဲ တိုးဝင်မဲ့ လူငယ်တွေ လိုက်နာ ကျင့်ကြံသင့်တဲ့ အချက်တွေ ပါတဲ့ ဆုံးမစာလေး တခုပဲ ကောင်းပါတယ်...။

emayarKhin said...

အကိုရေ..လောကကြီးက
တကယ့်ကိုဘဲသင်ယူစရာတွေမကုန်
ခမ်းနိုင်ပါလားနော်.......တကယ့်ကို
ကောင်းတဲ့စာတွေနဲ့ပညာတွေဖတ်
လိုက်ရပါတယ်...ဝေမျှတဲ့အတွက်ကျေးဇူးနော်..........

Apprenticeship said...

ကိုယ့်အိမ်မှာကိုယ် ဗိုလ်လုပ်နေခြဲ့
such a true statement. Keep up with the thoughts......
လေးစားကြည်ညိုစရာကောင်းတဲ့ နိုင်ငံရေးခေါင်းဆောင်ကောင်း that is my prayer for our beloved country..

Black Dream said...

လောကကြီးထဲမှာ တကယ်တမ်းလေ့လာမယ် ဆိုရင် သိသင့်သိထိုက်တာတွေ လေ့လာစရာဟာတွေဟာ ကုန်ဆုံးမသွားတဲ့ အပြင် ပိုပိုများလာတတ်တယ်...။ ဒီပို့စ်လေးကို တင်ပေးတဲ့ စာရေးသူကိုယ်တိုင်လည်း ဒီပို့စ်လေးထဲကအတိုင်း အကောင်းဆုံး လိုက်နာကြင့်သုံး နိုင်ပါစေဗျာ...။ :)

နိုင်ငံတကာ အချိန်များ