Friday, July 17, 2009

အကယ်၍သာ-၁


အကယ်၍သာ…

သင်ဟာ ဘာသာတရားတစ်ခုခုကို ကိုးကွယ်ယုံကြည်သူ မဟုတ်ပါဘူးဆိုပါစို့…

သေရေးရှင်ရေး အဖြစ်အပျက်တစ်ခုနဲ့ ကြုံရတဲ့အခါကျရင် ဆုတောင်းတာတို့၊ ဘုရားတတာတို့ သင်ပြုလုပ်လိမ့်မည် ထင်ပါသလား။

***

အိမ်မက်လေး တစ်ခုအကြောင်း ပြောပြချင်ပါတယ်။

တစ်ညမှာ လူတစ်ယောက်ဟာ ထူးထူးဆန်းဆန်း အိမ်မက်တစ်ခုမက်သတဲ့။ အဲဒီအိမ်မက်ထဲမှာ သူဟာ ပင်လယ်ကမ်းစပ်တစ်ခုမှာ ရောက်နေပါတယ်။ ပြီးတော့ သောင်ပြင်တစ်လျှောက် ဘုရားသခင်နဲ့အတူ လမ်းလျှောက်နေတယ်လို့ ဆိုပါတယ်။

သူ့ဘဝတစ်လျှောက်လုံး ဖြတ်သန်းခဲ့သမျှ ခြေရာတွေဟာ သောင်ပြင်ပေါ်မှာ အစီလိုက်လိုက် အတန်းလိုက် ထင်ကျန်ရစ်နေခဲ့တာကို မြင်ရတယ်။

ဘဝမှာ ကြုံတွေ့ခဲ့ရသမျှ အဖြစ်အပျက်တိုင်းကို သဲသောင်ပြင်ပေါ်က ခြေရာတွေက ကိုယ်စားပြုနေတာပါပဲ။

ကျန်ရစ်ခဲ့တဲ့ ခြေရာတွေကို နောက်ပြန်လှည့်ကြည့်နေရင်းက ဗြုန်းကနဲဆိုသလို တစ်စုံတစ်ခုကို သူ သတိထားမိသွားတယ်၊ အဲဒါကတော့ သူ့အတိတ်ခြေရာတွေရဲ့ဘေးကပ်လျက်မှာ နောက်ထပ် ခြေရာအပိုတစ်စုံကို တွေ့နေရလို့ပါပဲ။

ဒါနဲ့ သူဟာ ဘုရားသခင်ဘက်ကို လှည့်ပြီး မေးလိုက်တယ်။

“ကျွန်တော့်ခြေရာဘေးက အတူလျှောက်လာခဲ့တဲ့ ခြေရာပိုင်ရှင်ဟာဘယ်သူလဲ”

ဘုရားသခင်က ပြန်ဖြေတယ်။

“အဲဒါ ငါ့ရဲ့ခြေရာပဲလေ။ မင်းလျှောက်ခဲ့တဲ့ ဘဝခရီးတစ်လျှောက်လုံး မင်းဘေးနားမှာ ငါအမြဲပါနေခဲ့တာကိုး”

အဲဒီအဖြေစကားကို ကြားလိုက်ရတဲ့ လူသားဟာ တစ်ခဏချင်းမှာတော့ ပျော်သလိုလို ခံစားလိုက်ရသေးတယ်။ ဒါပေမယ့် အဲဒီအပျော်ဟာ မိနစ်ပိုင်းအတွင်းမှာပဲ ပြန်ပျောက်ဆုံးသွားလေရဲ့။

ဘာဖြစ်လို့လဲဆိုတော့ သူ့ဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းအချို့ကို ကိုယ်စားပြုတဲ့ နေရာတွေမှာကျတော့ ခြေရာတစ်စုံတည်း အထီးကျန်စွာ ဖြတ်သန်းခဲ့ရတာကို တွေ့လိုက်ရလို့ပါ။

အဲဒီ အစိတ်အပိုင်းတွေ ဆိုတာကလည်း တခြားတော့ မဟုတ်ဘူး။ သူ့ရဲ့ ဘဝထဲမှာ ဒုက္ခအရောက်ဆုံး၊ အဆင်းရဲ အကြမ်းတမ်းဆုံး၊ အန္တရယ်အကြီးမားဆုံး ကျဉ်းထဲကျပ်ထဲကျရောက်ခဲ့ရတဲ့ အချိန်ကာလတွေ ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။

လူသားဟာ ဝမ်းနည်းပက်လက်ဖြစ်သွားပြီး ဘုရားသခင်ကို ထပ်ပြီးမေးခွန်းထုတ်လိုက်တယ်။

“အရှင်…အရှင်ပြောတော့ ကျွန်တော်မျိုးလျှောက်ခဲ့တဲ့ ဘဝခရီး တစ်လျှောက် ကျွန်တော်မျိုးရဲ့ ဘေးနားမှာ အမြဲလိုက်ပါနေခဲ့တယ်ဆို။ ဒါပေမယ့် ကျွန်တော်မျိုးဘဝရဲ့ ဒုက္ခဆင်းရဲအရောက်ဆုံး အချိန်တွေမှာကျတော့ ခြေရာတစ်စုံတည်းပဲ ကျန်ရစ်နေတာကို တွေ့နေရပါလား။ ကျွန်တော်မျိုးအတွက်အားကိုးရာ အလိုအပ်ဆုံးအချိန်မှာ အရှင်က လျစ်လျူရှု ပစ်ခွာထားရက်တယ်နော်”

ဘုရားသခင်က ခေါင်းကို ညင်ညင်သာသာပဲ ခါယမ်းတယ်။ ပြီးတော့…

“မင်း မှားနေပြီ ငါ့သား၊ ငါဟာ မင်းကို ဘယ်တုန်းကမှ စွန့်ပစ်မထားခဲ့ပါဘူး၊ မင်းဘဝရဲ့ ဒုက္ခတွေ၊ အန္တရယ်တွေကြုံနေချိန်မှာ ခြေရာတစ်စုံတည်းကို တွေ့ရလို့ အထင်မလွဲပါနဲ့ကွာ။ မြင်နေရတဲ့ ခြေရာဟာ ငါ့ရဲ့ခြေရာပါ။ မင်းကိုယ်တိုင်ရဲ့ခြေရာကိုတော့ မတွေ့ရဘူးပေါ့ ၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်တုန်းက မင်းကို ငါ့ရင်ခွင်ထဲမှာ ပွေ့ချီသယ်ပိုးလာခဲ့တာကိုး။”

***

ယုံကြည်ကိုးကွယ်မှုကို အားကိုး အားထားပြုချင်တဲ့ သူတွေအတွက်တော့ ဒါဟာ ကြည်နူးစရာအိမ်မက်တစ်ခု (ဒါမှမဟုတ်) မျှော်လင့်စရာအလင်းရောင်တစ်ခု ဖြစ်ပါလိမ့်မယ်။

ဒါပေမယ့် ဒါဟာ ကျွန်တော့်အတွက်တော့ အကြီးအကျယ် အခမ်းနားဆုံး စိန်ခေါ်ခံရတဲ့ “မေးခွန်း” တစ်ခုပါ။

ဟုတ်တယ်…ကျွန်တော် စဉ်းစားကြည့်မိတယ်။

“ကျွန်တော်တို့ဟာ ဒုက္ခဆင်းရဲ့နဲ့ကြုံတွေ့ရတဲ့အခါကျရင် ဘုရားသခင်က ပွေ့ချီသွားတာကို ခံမလား။ ဒါမှမဟုတ် အဲဒီ ဒုက္ခမီးကျီးခဲတွေပေါ်ကို ကိုယ့်ခြေထောက်နဲ့ ကိုယ် ရဲရဲဖြတ်လျှောက်ကြမလား” ဆိုတာပါပဲ။

“အကယ်၍သာ-၁” သည် “မင်းခိုက်စိုးစန်”“အကယ်၍သာ” ဆိုတဲ့စာအုပ်ထဲမှ ကျွန်တော်အနှစ်သက်ဆုံးမို့လို့ ကိုယ်တိုင်ရိုက်ပြီး တင်လိုက်ခြင်းဖြစ်ပါတယ်။ စာဖတ်သူများလဲ နှစ်သက်မယ်လို့ထင်ပါတယ်။


ညမီးအိမ်
nyameeeain21286[at]gmail[dot]com
http://www.nyameeeain.blogspot.com

4 comments:

ကောင်းကင်ပြာ said...

မီးအိမ်လေး အမကတော့ ဒုက္ခဆင်းရဲတွေ ကြုံခဲ့ရတဲ့ အချိန်တုန်းက ဘုရားသခင်က ပွေ့ချီဖို့ မေ့နေတယ်ထင်တယ်၊ ဒုက္ခ မီးကျီးခဲတွေ ပေါ်ကို ကိုယ်ဘာသာ ဖြတ်လျှောက်နေတာ ခုချိန်ထိလို့ ထင်ပါတယ်

Unknown said...

မြန်မာမှာ ကံကံ၏ အကျိုးဆိုတာ ရှိပါတယ်။ ဘယ်လောက်ပဲအခက်အခဲတွေ တွေ. တွေ. တချိန်က ကိုယ် သူများကိုကူညီ ဖူးခဲ. ရင် ကိုယ်လည်းတူသောအကျိုး ကိုခံစားရမှာပါ။တချိန်လုံး အဲဒီ အကျိုးကို မျှော်လင်.နေ၇င်လည်းဘာမှ ဖြစ်လာမှာမဟုတ်ပါဘူး၊ အဲဒီတော.ကြုံလာတဲ. အခက်အခဲကိုခေါင်းအေးအေး ထားပြီး ရင်ဆိုင်လိုက်တာ ကောင်းဆုံးပဲ။ "မုန်တိုင်းထန်ပြီးရင် လေပြည်လေညှင်းလေးတွေ အလှည်.ရောက်လာ ပါလိမ်.မယ် "

Unknown said...

ဖတ်ခဲ့ကြည့်ပါသေတယ်

strangemask said...

ဟုတ်တယ်ဗျ ကျွန်တော်လည်း ကြိုက်တယ် အဲဒီစာအုပ်ကို သူများငှားထားတုန်း နည်းနည်းပဲ ဖတ်ရသေးတယ် ထပ်ငှားမလို့ လုပ်တော့ စာအုပ်ဆိုင်က အဲဒီစာအုပ် ပျောက်သွားလို့တဲ့ဗျ :(
အင်း လိုက်ရှာရအုံးမယ်ဗျို့

နိုင်ငံတကာ အချိန်များ