Monday, March 24, 2008

ကောင်လေး နဲ့ ခွေးလေး

ဒီစာအုပ်ကိုစာရေးဆရာကြီး 'ဖေမြင့်' ဘာသာပြန်ထားခြင်းဖြစ်ပါသည်။


ကောင်လေး နဲ့ ခွေးလေး


စတိုးဆိုင်ပိုင်ရှင်က ဆိုင်တံခါးဝမှာ ဆိုင်းဘုတ်အသစ်တစ်ခု ထပ်ချိတ်သည်။

“ခွေးပေါက်ကလေးများ ရောင်းရန်ရှိသည်” တဲ့။

သည်ကြော်ငြာမျိုးကို ကလေးတွေအလွန် စိတ်ဝင်စားသည်။ သူတို့က ခွေးချစ်တတ်သူများ မဟုတ်လား။ ခဏအကြာမှာပင် ကလေးတစ်ယောက် ဆိုင်ပေါက်ဝသို့ ရောက်လာသည်။

“ခွေးလေးတစ်ကောင်ဘယ်လောက်ရောင်းသလဲခင်ဗျ” သူက မေးသည်။

“ဒေါ်လာ ၃၀ က ၅၀ အထိ ဈေးအစားစားရှိတယ်” ဆိုင်ရှင်က ဖြေသည်။

ကောင်လေး က သူ့အိတ်ထဲမှာ ရှိသည့် ပိုက်ဆံအကြွေတွေ နှိုက်ထုတ်သည်။ “ကျွန်တော် မှာ ၂ဒေါ်လာ နဲ့ ၃၇ဆင့် ရှိပါတယ်။ ခွေးလေးတွေ ကျွန်တော်ကြည့်လို့ရမလားခင်ဗျ”

ဆိုင်ရှင်ကပြုံးသည်။ ထို့နောက် ခွေးအိမ်ထဲမှာရှိနေသည့် ခွေးမကြီးကို လေချွန်ပြီး ခေါ်လိုက်သည်။ ခွေးမကြီး ဆိုင်ခန်းထဲပြေးဝင်လာတော့ သူ့နောက်က ခွေးပေါက်ကလေး ငါးကောင်တန်းစီ၍ လိုက်ပါလာသည်။ ပိစိကွေးလေးတွေ ၊ အမွေးက သိတ်ရှည်တော့ တစ်ကိုယ်လုံးအမွေးတွေဖုံးကာ လုံးနေသည်။ အဲသည်အထဲမှ တစ်ကောင်က ဟိုးနောက်မှာပြတ်ကျန်ခဲ့သည်။ သူက ထော့တီး ထော့နဲ့ နှင့် လမ်းမလျှောက်တတ်သလို။

ကောင်လေးကသည်ဟာလေး မြင်တော့ချက်ချင်းစိတ်ဝင်စားသွားသည်။

“ဒီခွေးလေးက ဘာဖြစ်တာလဲဟင်”

ခွေးလေးမှာ မွေးကတည်းကတင်ပါးဆုံ အရိုးခွက်ပါမလာသဖြင့် တစ်သက်လုံး ခြေထော့နဲ့ ဖြစ်နေမည်ဟု တိရစ္ဆာန်ဆေးကု ဆရာဝန်က ပြောဆိုသည့်အကြောင်း ဆိုင်ရှင်ကြီးကရှင်းပြသည်။

ကောင်လေးက ပို၍ စိတ်ဝင်စားသွားသည်။

“ဒီခွေးလေး ကျွန်တော် ဝယ်ချင်တယ်ဗျာ” သူကဆိုသည်။

“ဟာ…မဝယ်ပါနဲ့ကွ ၊ မင်း တကယ်လိုချင်ရင် ငါပေးပါ့မယ်”

သည်စကားကြားတော့ ကောင်လေး မျက်နှာပျက်သွားသည်။ သူက မကျေနပ်သည့် အမှုအရာမျိုး နှင့် ဆိုင်ရှင်ကြီးကို မော့ကြည့်ပြီး ပြန်ပြောသည်။

“အလားကားပေးတာကျွန်တော်မလိုချင်ဘူး ခင်ဗျ ၊ ဒီခွေးလေးလဲ ကျန်တဲ့ခွေးတွေနဲ့ တန်းတူ တန်ဖိုးရှိတာပဲ ၊ တစ်ပြားသားမှ မလျော့ပါဘူး ၊ ကျွန်တော် တန်ဖိုးအပြည့်ပဲ ပေးမယ် ၊ ဒါပေမယ့် ကျွန်တော်မှာ လောလောဆယ် ၂ဒေါ်လာနဲ့ ၃၇ဆင့်ပဲ ပါတယ် ၊ အခု အဲဒါ ယူထားပါ ၊ နောက်ကို တစ်လ ဆင့်ငါးဆယ်စီ ကျေတဲ့အထိ ကျွန်တော် ဆက်ပေးပါ့မယ်”

သို့သော် စတိုးဆိုင်ရှင်က အလျှော့မပေး။

“မဝယ်ပါနဲ့ ကလေးရ ၊ နောက်ကျတော့ မင်းစိတ်ပျက်သွားလိမ့်မယ် ၊ ဒီခွေးလေးက ပြေးနိုင်လွှားနိုင်မှာ မဟုတ်ဘူး ၊ မင်း နဲ့ ခုန်ပေါက်ကစားနိုင်မှာမဟုတ်ဘူး”

သည်အခါကျတော့မှ ကောင်လေးက ဆိုင်ရှင်ကြီးကို မော့ကြည့်ကာ သူ့ဘောင်းဘီအောက်နားစကို လှန်၍ ပြရင်း လေသံတိုးတိုး နှင့် ပြောသည်။

“ကျွန်တော်လဲ ကောင်းကောင်းမပြေးနိုင်ပါဘူးဗျာ ၊ ပါပီလေးခမြာမှာ သူ့ကို ကိုယ်ချင်းစာမယ့် လူတစ်ယောက်တော့ ရှိဖို့ လိုမှာပေါ့” တဲ့။

ကောင်လေး ၏ ဘယ်ခြေထောက်ကလေးက အတော်ဆိုးဆိုးဝါးဝါးပင် သိမ်နေကောက် နေကာ လမ်းလျှောက်နိုင်ရန်အတွက် သတ္တုချုပ်တံများဖြင့် အားဖြင့်ပေးထားရလေသည်။


[မူရင်း။ Dan ClarkPuppies for Sale]


0 comments:

နိုင်ငံတကာ အချိန်များ