ဆပ်ကပ်
အကောင်းဆုံးအစိတ်အပိုင်းဆိုတာ
မကြီးမကျယ်တဲ့ ၊ အမည်အဖော်တဲ့ ၊ အမှတ်တရပြုမနေတဲ့
အကြင်နာ ၊ မေတ္တာ အပြုအမူလေးများပါ။
ဝီလျံဝါ့ဒ်စဝပ်
ကျွန်တော် လူပျိုပေါက် အရွယ်လောက်က ဖြစ်သည်။ အဖေ နှင့် ကျွန်တော် ဆပ်ကပ်ပွဲအတွက် လက်မှတ် တန်းစီနေကြသည်။ အတော်ကြာ စောင့်ဆိုင်းပြီး သည့်နောက်တွင် လက်မှတ်ပေါက်နှင့် ကျွန်တော်တို့ ကြားမှာ မိသားစု တစ်ခုသာ ကျန်လေသည်။
သည်မိသားစုကို ကြည့်ပြီး ကျွန်တောသဘောကျနေမိသည်။ ကလေးချည်း ရှစ်ယောက် ပါသည်။ တစ်ယောက်မျှ ၁၂နှစ် ပြည့်သေးပုံမရ။ သူတို့အပြင်တွေကြည့်ရုံဖြင့်ပင် ငွေကြေးပြည့်ပြည့်စုံစုံထဲက မဟုတ်ကြောင်းသိနိုင်သည်။ အဝတ်အစားတွေကအဖိုးတန်ထဲက မဟုတ်။ သို့သော်သပ်သပ်ရပ်ရပ်ရှိသည်။ ကလေးတွေက အမူအရာယဉ်ကျေးသည်။ မိဘများနောက်မှာ နှစ်ယောက်တစ်တွဲ လက်ချင်းချိတ်ပြီး တန်းစီနေကြသည်။ သို့သော်နှုတ်ကမူ ညဘက်တွင် သူတို့ကြည့်ရမည့်ဆပ်ကပ် လူပြက်များ ၊ ဆင်လိမ္မာများနှင့် အခြားပြကွက်များ အကြောင်းကို အားတက်သရော ပြောဆိုနေကြသည်။ သူတို့လေးတွေခမြာ ဆပ်ကပ်ပွဲ တစ်ခါမျှ ကြည့်ဖူးကြဟန်မတူ။ သည်ညကတော့ သူတို့ဘဝမှာ တကယ့် အမှတ်တရည ဖြစ်တော့မည့်ပုံမျိုး။
အဖေနှင့်အမေက အုပ်စုထိပ်မှာ ဝမ်းမြောက်ဂုဏ်ယူသည့် အသွင်အပြင်များဖြင့် ရပ်နေကြသည်။ ကလေးတွေ၏ မိခင်က ခင်ပွန်းသည်၏လက်ကို ကိုင်လျက်သူ့မျက်နှာကို ရွှန်းရွှန်းစားစားကြည့်နေပုံမှာ ‘မေ့ချစ်သူလူစွမ်းကောင်းကြီး’ဟု နှုတ်ခွန်းဆက်သနေဘိသည့်အလား အထင်ကြီးမှု ၊ လေးစားမှုလက္ခဏာတွေ အပြည့်ပါသည်။ ခင်ပွန်းသည်ကလည်း ‘အားကိုးစမ်းပါအချစ်ရယ်’ ဟုခွန်းတုံ့ပြန်သည့်နှယ် ဂုဏ်ယူသော အပြုံးနှင့်ချစ်ကြည်နူးစွာကြည့်သည်။
သည်အခိုက် လက်မှတ်ရောင်းသော အမျိုးသမီးက အဖေလုပ်သူအား လက်မှတ် ဘယ်နှစ်စောင်ယူမလံလှမ်းမေးသည်။
“ကျွန်တော် ကလေးလက်မှတ်ရှစ်စောင်နဲ့လူကြီးလက်မှတ်နှစ်စောင် လိုချင်ပါတယ် ၊ အဲဒါ မှ ကျွန်တော်တို့ တစ်မိသားစုလုံး လာလို့ရမှာ” သူက တက်တက်ကြွကြွပင် ဖြေသည်။
အမျိုးသမီးက လက်မှတ်ခ နှုန်းထားများ လှမ်းပြောသည်။
ဇနီးသည်က သူ့ခင်ပွန်း၏လက်ကို လွှတ်ချလိုက်ပြီး ခေါင်းလည်းငုံ့သွားသည်။ အမျိုးသား၏ နှုတ်ခမ်းတွေတဆတ်ဆတ် တုန်လာသည်။ သူ ရှေ့သို့ အနည်းငယ်တိုးကာ “ဘယ်လောက်ဗျာ”ဟူ၍ မေးသည်။
လက်မှတ်ရောင်းသော အမျိုးသမီးက ဈေးနှုန်းတွေထပ်ပြောသည်။
အဖေလုပ်သူမှာ ပိုက်ဆံ အလုံအလောက်မပါ။
သို့သော် သည်အချိန်ကျမှ သူနောက်ဘက် လှည့်ကာ ကလေးတွေကိုအဖေ့မှာ ပိုက်ဆံ အလုံအလောက်မပါလို့ သည်ည ဆပ်ကပ်ကြည့်နိုင်မှာ မဟုတ်ဘူးဟု သူဘယ်သို့ ပြောထွက်နိုင်ပါမည်နည်း။
ဖြစ်ပျက်ပုံ အလုံးစုံကို မြင်ကာ ကျွန်တော့်အဖေအင်္ကျ ီအိတ်ထဲ လက်နှုက်သည်။ ဒေါ်လာ ၂၀ တန် တစ်ရွက် ထုတ်လာပြီးနောက်မြေကြီးပေါ်အသာပစ်ချသည်။ (ကျွန်တော်တို့လည်း ချမ်းသာသူများ မဟုတ်ကြောင်းကြားဖြတ်ပြောလိုပါသည်။) ထို့နောက် အဖေပဲ သည်ပိုက်ဆံကိုပြန်ကောက်ကာ ကလေးများ ဖခင် ပခုံးကိုသွားပုတ်ပြီး ပြောသည်။ “ဒီမှာခင်ဗျ ၊ စောစောက ခင်ဗျားအိတ်ထဲက ထွက်ကျသွားတယ်”
အဖေဘာလုပ်သည်ဆိုတာ ထိုပုဂ္ဂိုလ် ကောင်းစွာနားလည်လိုက်ပါသည်။ ဘယ်သူ့ဆီကမှ သူ လက်ဖြန့်တောင်းခံခဲ့သည်တော့မဟုတ်။ သို့သော်ဒီလိုအသည်းအသန် အရေးတကြီးအချိန် ၊ ဖခင်တစ်ယောက်အနေနှင့်အရှက်ကြီး ရှက်ရမည့်အဖြစ်မျိုး ကြုံရအံ့ဆဲဆဲ အချိန်တွင် မမျှော်လင့်ဘဲ ပေါ်ပေါက်လာသည့် သည်အကူအညီအတွက် သူတကယ်ပဲ ကျေးဇူးတင်သွားခဲ့သည်။ အဖေ့မျက်လုံးအစုံကို သူ စူးစိုက်၍ကြည့်သည်။ ဒေါ်လာ ၂၀ တန် ကိုင်ထားသော အဖေ့လက်ကို သူလက်နှစ်ဖက်နှင့်ဖျစ်ညှစ်ဆုပ်ကိုင်ကာ တုန်ယင်သော နှုတ်ခမ်းများဖြင့်ကျေးဇူးတင်စကားဆိုသည်။
“ကျေးဇူးတင်တယ်ဗျာ ၊ တကယ့်ကိုကျေးဇူးပါပဲ ၊ ကျွန်တော်အတွက်ရော ကျွန်တော့်မိသားစု အတွက်ပါ အဖိုးမဖြတ်နိုင်ပါဘူးခင်ဗျာ” သည်လိုပြောရင်းသူ့ပါးပြင်ပေါ် မျက်ရည်တစ်ပေါက် လိမ့်ဆင်းကျလာသည်။
အဖေနှင့်ကျွန်တော် ကားဆီသို့ လှည့်ပြန်ကာ အိမ်သို့ပဲ မောင်းလာခဲ့ကြသည်။ အဲသည်ည ဆပ်ကပ်ပွဲသို့ကျွန်တော်တို့ မသွားကြပါ။ သို့သော် သည်ညသည် အချည်းနှီး ညတော့ လုံးဝမဟုတ်ခဲ့။
[မူရင်း။ ။ Dan Clark ၏ The Circus]


1 comments:
ကူညီတဲ.နေ၇ာမှာ တခါတလေ ကူညီချင်တဲ.စိတ်ကသာထက်သန်နေပြီး အကြောင်းအကျိုး အခြေအနေအချိန်အခါကို မဆင်ခြင်တတ်ရင်စေတနာကနေ ဝေဒနာဖြစ်တတ်တယ်။ ဒီပို.စ်ထဲက ကူညီလိုက်တဲ.သူ ဟာ တကယ်ကို ကူညီချင်တဲ.စိတ်ရှိတဲ.အပြင် တွေးခေါ်တတ်တာကြောင်.သူရဲ.အကူအညီဟာ လေးစားစရာကောင်းပါတယ်။ မီးအိမ်လေးကတော. ကိုယ်လုပ်ချင်တာပဲကိုယ်သိလို.စေတနာကနေ ဝေဒနာဖြစ်ရတာတွေ အများကြီး ကြုံဖူးတယ်။
Post a Comment